#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အီရန်၏ အကြီးဆုံးဓာတ်ငွေ့ တူးဖော်မှုလုပ်ကွက် တစ်စိတ်တစ်ပိုင်း ရပ်ထားရ
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားနေသော ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်၌ ထုတ်လုပ်ရေး လုပ်ငန်းများကိုအီရန်နိုင်ငံက တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားရကြောင်း အီရန်မီဒီယာများက ဇွန် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဆောက်သ်ပါးစ်အမည်ရှိ အထက်ပါသဘာဝဓာတ်ငွေ့လုပ်ကွက် တိုက်ခိုက်ခံရမှုသည် လက်ရှိဖြစ်ပွားနေသောစစ်ရေးပဋိပက္ခအတွင်းအီရန်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍပထမဆုံးအကြိမ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံသည်ဇွန် ၁၃ ရက်တွင် အီရန်ပြည်တွင်းရှိ နျူကလီးယား အဆောက်အအုံများနှင့် စစ်ခေါင်းဆောင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့သော်လည်း အီရန်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို တိုက်ခိုက်ခဲ့ခြင်းမရှိပေ။
သို့ရာတွင် ဇွန် ၁၄ ရက်တွင်အစ္စရေး၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ဆောက်သ်ပါးစ် သဘာဝဓာတ်ငွေ့တူးဖော်ရေးနယ်မြေ၌ မီးများလောင်ကျွမ်းနေကြောင်း သိရသည်။
ဆောက်သ်ပါးစ် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်သည် အီရန်နိုင်ငံတောင်ပိုင်း ဘူရှီရာပြည်နယ်၌ တည်ရှိသည်။
အီရန်နိုင်ငံသည်ကမ္ဘာပေါ်၌ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့ပြီးလျှင် သဘာဝဓာတ်ငွေ့ တတိယအများဆုံးထုတ်လုပ်သူနိုင်ငံအဖြစ် ရပ်တည်နေသောနိုင်ငံဖြစ်သည်။
အီရန်နိုင်ငံသည် နှစ်စဉ်သဘာဝဓာတ်ငွေ့ပမာဏ ကုဗမီတာ ၂၇၅ ဘီလီယံတစ်နည်းအားဖြင့် ကမ္ဘာ့ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏ စုစုပေါင်း၏ ၆ ဒသမ ၅ ရာခိုင်နှုန်းကို နှစ်စဉ်ထုတ်လုပ်နေသော နိုင်ငံဖြစ်သည်။
ရိုက်တာ
