10 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼အလယ်ပိုင်းဒေသများမှအပ တစ်ပြည်လုံးတွင် လာမည့် ၄၈ နာရီအတွင်း မိုးများနိုင်
အနောက်တောင်မုတ်သုံလေအားကောင်းနေခြင်းကြောင့်လာမည့် ၄၈ နာရီအတွင်း အလယ်ပိုင်းမိုးနည်းရေရှားဒေသများမှအပ ကျန်တပြည်လုံးတွင် မိုးအသင့်အတင့်မှမိုးများနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကခန့်မှန်းထားသည်။
“ဘင်္ဂလားပင်လယ်အော်(မြောက်ပိုင်း) မှာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ပေ ၅၀၀၀ မှ ပေ ၁၄၀၀၀ ကြားတွင် ဖြစ်ပေါ်နေတဲ့ အထက်လေပွေလှိုင်း(UACC) ဆက်လက်တည်ရှိနေတာကြောင့် အနောက်တောင်မုတ်သုံလေ အားကောင်းနေဆဲဖြစ်ပါတယ်” ဟု၎င်းကဆိုသည်။
ယနေ့ (ဇွန် ၁၆ ရက်မှ ၁၇ ရက်)အထိ ၄၈ နာရီအတွင်းအလယ်ပိုင်းမိုးနည်းရေရှားဒေသများတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး၊ ကျန်တပြည်လုံးတွင် မိုးအသင့်အတင့်မှမိုးများနိုင်သည်ဟုဆိုသည်။
အဆိုပါ ၄၈ နာရီအတွင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဖျားဒေသတို့တွင် မိုးအသင့်အတင့်မှမိုးများနိုင်ပြီး မိုးရေချိန်နှစ်လက်မခွဲအထက် ရွာသွန်းနိုင်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသ)တို့တွင် မိုးအသင့်အတင့် နှစ်လက်မခွဲအောက်ရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု ဦးဝင်းနိုင်ကခန့်မှန်းပြောဆိုသည်။
မိုးနည်းရေရှားဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း(တောင်ပိုင်း)၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ ဒေသအချို့တွင် မိုးအနည်းငယ်သာရွာသွန်းနိုင်ချေရှိပြီး တောင်ပိုင်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် မိုးရေချိန်နှစ်လက်မခွဲအောက် ရွာသွန်းနိုင်ကြောင်း ၎င်းကဆက်လက်ခန့်မှန်းထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
သတင်း - အင်ကြင်း

image