❛ မောင် ချော နွယ် ❜
တစ်ညနေ စိတ်ညစ်ညစ် ရှိတာနဲ့
၃၃ လမ်းထောင့် ခရေပင် အောက်က
အုတ်ခုံမှာ မျက်နှာငယ်လေးနဲ့ သွားထိုင်မိတယ်။ အဲဒီမှာ ဆရာမောင်ချောနွယ်က ကိုယ့်အရင်
ကြိုထိုင်နေတာ တွေ့တယ်။ သူ လည်း
ညစ်နေတဲ့ပုံပါပဲ။ ဆရာချောက စကားစတယ်။
“ဝိုင်ချို စတိုင်လိုလို မလိုင်လိုလို လုပ်မနေနဲ့၊ ဘာဖြစ်နေတာလဲ၊ ချဲမပေါက်လို့လား” တဲ့။
“ဒီလိုပါပဲ ဆရာချောရယ်” ဆိုတော့ ...
“အဲဒါ ပြောတာပေါ့ကွာ၊ ဝိုင်ချို ကဗျာရေးတဲ့ ခေတ်၊ ပြာတာမင်းစေ ဝတ္ထုရေးတဲ့ ခေတ်၊ ထက်ရာဇာ သတင်းရေးတဲ့ ခေတ်မှာ ဖြစ်လာရလေ တို့တတွေသည် သေသော်မှတည့် ဩော် ... ကောင်း၏” တဲ့။
ကျွန်တော်က ယဲ့ယဲ့လေး ပြုံးပြီး သူထိုင်သလိုပဲ ဒူးနှစ်ဖက်ကို လက်ကွင်းချပြီး ပြင်ထိုင်လိုက်တယ်။ ဆရာချောက ပြောပြန်တယ်။
“ဝိုင်ချို ... ကိုယ့်ကို အရက်မတိုက်ချင်ဘူးလား” တဲ့။
“တိုက်ချင်တာပေါ့ ဆရာချောရယ်၊ ဘာလို့လဲဆိုတော့ ဒီနေ့က မတ်လ ၃ဝ ရက်နေ့လည်း ဖြစ်တယ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် နေ့လည်း ဖြစ်တယ်၊ သောကြာနေ့လည်း ဖြစ်တယ်၊ ပိတောက်ပန်းတွေ လည်း ပွင့်တယ်၊ မွေးနေ့ မွေးရက် တိုက်ဆိုင်နေတဲ့ ကျွန်တော့်မွေးနေ့ လည်း ဖြစ်နေတယ်၊ အဲဒါ ဆရာချောကို မတိုက်လို့ ဘယ်သူ့ သွားတိုက် ရမလဲ”
“တိုက်ချင်ရင် တိုက်လေ၊ မင်း ပိုက်ဆံ ဘယ်လောက်ရှိလဲ”
“ပိုက်ဆံမရှိလို့ ခက်နေတာလေ”
“ဟာကွာ ... ငါ့မှာလည်း တစ်ပြားမှ မရှိဘူး၊ ဒါပေမယ့် ပိတောက် ပန်းတွေ ပွင့်တာကအစ ဒီလောက် တိုက်ဆိုင်ပြီး လှပနေတဲ့ မွေးနေ့လေး ကို အဆုံးရှုံးခံလို့ ဘယ်ဖြစ်မလဲ၊ ဘယ်နှနာရီ ထိုးပြီလဲ”
“နာရီမပါဘူးလေ ဆရာချော”
“မင်း ကဗျာဆရာ မဟုတ်ဘူးလား။ အိတ်ဆဲလန့်မှာ တစ်လုံး ရှိတယ်၊ ဓားလွယ်ခုတ်က ညိုညိုတေးသံသွင်းမှာ တစ်လုံးရှိတယ်၊ အဲဒီ ဘေးက တီဗီဆိုင်မှာ တစ်လုံး ရှိတယ်၊ မျက်နှာချင်းဆိုင်က မိတ္တူဆိုင်မှာ တစ်လုံးရှိတယ်၊ မျက်စောင်းထိုးက ဆိုင်မှာလည်း တစ်လုံးရှိတယ်၊ တိုင်ကပ်နာရီတွေ။ ကဗျာဆရာဆိုတာ ကိုယ့်မှာ နာရီမပါပေမယ့် ဘယ် ဘဝ ဘယ်နေရာရောက်ရောက် ဘယ်နှနာရီ ထိုးနေပြီဆိုတာ သိနေရ မယ်၊ သွားကြည့်ကွာ”တဲ့။
ကျွန်တော့်မှာ ကမန်းကတန်း ပြေးကြည့်ရတာပေါ့။
“ငါးနာရီခွဲပြီ ဆရာချော”
“အိုကေ .. ဒါဆို စလို့ ရပြီ” . . .
_ _ _ _ _ _ _ _ _ _ _ _
▫️ဝိုင်ချို ▫️
▪️ချစ်ရတဲ့လူတွေ▪️
