ရှောင်ရှားလို့မရတဲ့ စိတ်ဖိစီးစရာတွေကို ဘယ်လို ရင်ဆိုင် ကျော်လွှားကြမလဲ ။
⚪ နံပါတ်၁ အကောင်းဘက်က မြင်ပေးပါ ။
အဆိုးမြင်တတ်တဲ့သူတွေဟာ ရလာသမျှ အခွင့်အလမ်းတိုင်းကို အခက်အခဲလို့ မြင်တယ် ။ အကောင်းမြင်တတ်တဲ့သူကတော့ ကြုံလာသမျှ အခက်အခဲတိုင်းကို အခွင့်အလမ်းလို့ မြင်ပါတယ် ။
အလုပ်မှာ ဆက်ဆံရ သိပ်ခက်တဲ့လူနဲ့ တွဲလုပ်နေရတာကို စိတ်ညစ်တယ် ။ အမှန်တော့ အဲဒါ စိတ်ညစ်စရာ မဟုတ်ပါဘူး ။ သူ့ကိုတောင် ငါ control မလုပ်နိုင်ရင် ဒီထက် ပိုခက်ခဲတဲ့သူတွေနဲ့ဆို ငါ ဘယ်လိုလုပ်မလဲလို့ တွေး ကြည့်လိုက်ပါ ။
ဘဝမှာ အခက်အခဲတွေနဲ့ ကြုံလာတိုင်း လက်လျှော့ အရှုံးမပေးလိုက်ပါနဲ့ ။ ကိုးတန်း အောင်ပြီးမှ ၁ဝ တန်း တက်လို့ ရပါတယ် ။ ကိုးတန်းက ခက်လို့ ခဏနေဦး ၊ ၁ဝ တန်း အရင် တက်မယ် လုပ်လို့ မရပါဘူး ။ လူငယ်ဘဝ ၊ ဝန်ထမ်းငယ်ဘဝ ၊ ကျောင်းသားဘဝမှာ အောက်သက်ကျေခဲ့မှ ဒီထက် အဆင့်မြင့်တဲ့ နေရာတွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ် ။
ဒါကြောင့် ဖိအားတွေ ၊ စိန်ခေါ်မှုတွေ ကြောက်မနေကြဖို့ လိုပါတယ် ။ အမှန်က ကြောက်စရာ မလိုတဲ့အပြင် မကြုံရဘူး ဆိုရင်တောင် အတင်း မရ မက လိုက်ရှာနေရမှာ ဖြစ်ပါတယ် ။ အသက်သာ ကြီးလာတယ် ရင့်ကျက်မှုနဲ့ အတွေ့အကြုံက လိုက်မတက်လာဘူးဆိုရင် ကိုယ့်အတွက် အချိန်တွေ နှမြောစရာ သိပ်ကောင်းပါတယ် ။
⚪ နံပါတ် (၂) ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သတိရပေးပါ ။
ကျွန်တော်တို့က လုပ်ငန်း အရှုံးပေါ်လို့ စိတ်ညစ်နေတဲ့အချိန် ထမင်းတောင် နပ်မှန်အောင် မစားရတဲ့သူတွေ ရှိနေပါသေးတယ် ။ ကျွန်တော်တို့က အနာဂတ်တွေ ဝေဝါးနေတယ်လို့ ညည်းနေတဲ့အချိန်မှာ
မနက်ဖြန် ဆိုတာတောင် မသေချာသေးတဲ့သူတွေ အများကြီးပါ ။ ရည်းစားနဲ့ ပြတ်လို့ စိတ်ညစ်မိတော့မယ်ဆို မွေးကတည်းက ချစ်ခြင်းမေတ္တာ ဆိုတာကို မိဘဆီကတောင် မရခဲ့ရှာတဲ့ မိဘမဲ့ကလေးတွေကိုလည်း အားနာပေးပါဦး။
ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြု စဉ်းစားနေမိတဲ့အခါ ကိုယ့်ပြဿနာ တစ်ခုတည်းကိုပဲ ကမ္ဘာကြီးလောက် ထင်နေတတ်ကြတယ် ။ အဲဒီအခါ ပိုပြီး စိတ်ညစ်ရပါတယ် ။
⚪ နံပါတ် (၃) ပြဿနာနဲ့ ခပ်ဝေးဝေး နေပါ ။
ပြဿနာတစ်ခုကို ရှင်းရတာထက် နဂိုကတည်းက မဖြစ်အောင် နေတာက ပိုကောင်းတယ် ဆိုတဲ့ သဘောပါ ။ လောင်းကစား လုပ်မိလို့ ရှုံးတယ် ။ စိတ်ညစ်ရတယ် ။ ရည်းစားနဲ့ အတူနေရင်း ကိုယ်ဝန်ရသွားတယ် ။ သတ်သေချင်စိတ်တွေ ဖြစ်မိတယ် ။ ဒါတွေဟာ မမျှော်လင့်ဘဲ ပေါ်လာတဲ့ ကိစ္စတွေ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ရွေးချယ်မှု မှားယွင်းခဲ့လို့ ဖြစ်ရတာပါ ။ ဒါကြောင့် ဒီလို ကိစ္စတွေအတွက် စိတ်မညစ်ချင်ဘူးဆို အစကတည်းက ရှောင်ကြဉ်နိုင်ကြဖို့ လိုပါတယ် ။
⚪ နံပါတ်(၄) နောက်ထပ် အကောင်းဆုံးလမ်းကို ရွေးတတ်ပါစေ ။
တကယ်တော့ ဒီလို စာ ရေးရတာ လွယ်ပါတယ် ။ လက်တွေ့သာ ခက်တာပါ ။ အချို့သောလူတွေဟာ ဆက်ဆံရ သိပ်ခက်ပါတယ် ။ အဲဒီလို ဘယ်လိုမှကို ဆက်လျှောက်လို့ မရနိုင်တော့တဲ့လမ်း ဖြစ်နေတယ်ဆိုရင်တော့ နောက်ထပ် အကောင်းဆုံး လမ်းတစ်ခုကို ရွေးချယ်တတ်ကြဖို့လိုပါတယ် ။ ပုံပြင်လေးတစ်ပုဒ် ကြားဖူးပါတယ် ။
တစ်ခါက အာလူးကုန်သည် တစ်ယောက် ရှိတယ် ။ သူက သူ့ခြံထဲက အာလူးတွေကို မြို့တက်ရောင်းတော့မယ် ဆိုရင် သူများတွေလို အကြီး အလတ် အသေး ခွဲမနေဘူး ။ လှည်းကြီးတစ်စီးထဲ အကုန် ပြုံထည့်သွားတယ် ။ ပြီးရင် အရမ်းကို ကြမ်းတမ်းတယ်၊ ချိုင့်တွေ ခွက်တွေ ပေါပါတယ် ဆိုတဲ့ လမ်းကို ဖြတ်ပြီး တွန်းသွားတယ် ။ လမ်းက ကြမ်းတော့ လှည်းက ခုန်တယ် ။
အဲဒီမှာ သေးတဲ့ အာလူးတွေက တဖြည်းဖြည်း အောက်ကို ကျကျသွားပြီးတော့ အလတ်စား အာလူးတွေက အလယ်မှာ ကျန်ခဲ့တယ် ။ အကြီးစား အာလူးတွေကတော့ အပေါ်ဆုံးမှာ ကျန်နေခဲ့တယ် ။
အဲဒါနဲ့ မြို့ကိုလည်း ရောက်ရော အပေါ်ဆုံးက အာလူးတွေကို ဈေးကြီးကြီး နဲ့ ရောင်း ၊ အလယ်က အာလူးတွေကို ဈေးသင့်သင့် ၊ အောက်ဆုံးက အာလူး တွေကိုတော့ ဈေးပေါပေါနဲ့ ရောင်းခဲ့လိုက်တော့တာပဲတဲ့ ။
ဘဝ ဆိုတာလည်း အဲဒီလို လမ်းကြမ်းကြမ်းကို ဖြတ်သွားရတာနဲ့ အတူတူပါပဲ ။ အဲဒီအခါမှာ စိတ်ဖိစီးစရာတွေ ၊ စိတ်ညစ်စရာ ၊ ဝမ်းနည်းစရာတွေကို ဘယ်လောက်အထိ ရင်ဆိုင်ကျော်လွှားနိုင်သလဲ ဆိုတာက အရေးကြီးလာပါတယ် ။
မကျော်လွှားနိုင်တဲ့သူကတော့ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ အောက်ကို ရောက်ရောက်သွားမှာ ဖြစ်ပြီးတော့ ရင်ဆိုင်နိုင်တဲ့သူတွေသာ အပေါ်မှာ ကျန်နေခဲ့မှာ ဖြစ်ပါတယ် ။
ချားလ်စ် ဒါဝင်ရဲ့ စကားယူသုံးရရင်တော့ Survival of the fittest ပါပဲ ။ ဒီလို ရှောင်လွှဲလို့ မရတဲ့ စိတ်ဖိစီးစရာတွေကြားထဲမှာ အကောင်းဆုံး ကြံ့ကြံ့ခံနိုင်တဲ့သူကပဲ နောက်ဆုံးမှာ ရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။
(Daily Eleven သတင်းစာ၊ ၁၉-၆-၂၀၁၆)
#ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ #ဒေါက်တာဖြိုးသီဟ
