မောင်းသူမဲ့လေယာဉ် အစင်း ၁၀၀ ကျော်နဲ့ အီရန်က အစ္စရေးကို လက်တုံပြန်
အစ္စရေးက အီရန်ရဲ့ နျူကရီယားနေရာတွေကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဟာ အစ္စရေးပိုင်နက်ထဲကို မောင်းသူမဲ့လေယာဉ် အစင်း ၁၀၀ ကျော်နဲ့ လက်တုံ့ပြန် တိုက်ခိုက်တာတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက အီရန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အစ္စရေးက လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အီရန်ဘက်ကလက်တုန့်ပြန်မယ်လို့ပြောဆိုခဲ့ပါတယ်။

အီရန်ရဲ့ပြောဆိုမှုပြီးတဲ့နောက် မကြာခင်မှာ အီရန်က အစ္စရေးက ဒရုန်း ၁၀၀ ကျော်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အီရန်ရဲ့တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားဖို့ ဝေဟင်ကာကွယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ စစ်ဦးစီးချုပ်၊ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ရဲ့တပ်မှူး၊ အီရန် အရေးပေါ်ကွပ်ကဲမှုတပ်မှူး၊ အီရန် အနုမြူစွမ်းအင်အဖွဲ့ အကြီးအကဲနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေ သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အီရန်ကိုတိုက်ခိုက်မှုအတွင်းမှာ အစ္စရေးအနေနဲ့ ဖိုက်တာ ဂျက်လေယာဉ် အစင်း ၂၀၀ လောက်အထိ အသုံးပြုခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာခါမေနီကလည်း ဒီတိုက်ခိုက်မှုအတွက် အစ္စရေးဟာ ခါးသီးတဲ့ ကံကြမ္မာကို သေချာပေါက်ခံစားရစေမယ်လို့ ပြောခဲ့ပါတယ်။

အစ္စရေးက အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေအတွက် နိုင်ငံတွင်းမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး အစ္စရေးနိုင်ငံသားတွေကို အမိုးအကာတွေအောက်မှာနေဖို့ သတိပေးချက်တွေ ထုတ်ထားတယ်လို့ သိရပါတယ်။

image