#နိုင်ငံတကာသတင်း
◼ အီရန်အားမတိုက်ခိုက်မီ နေတန်ယာဟုက အသိပေးခဲ့ကြောင်း ဂျာမနီအဓိပတိ ပြော
အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုအကြောင်းအား သောကြာနေ့နံနက် ဖုန်းခေါ်ဆိုမှုတွင် အစ္စရေးဝန်ကြီးချုပ်က ၎င်းအား အသိပေးပြောကြားခဲ့ကြောင်း ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မားဇ် က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားသည်။
အစ္စရေးက မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိကြောင်း နှင့် အီရန်ကလည်း နျူးကလီးယားလက်နက် မလုပ်သင့်ကြောင်း မားဇ် က ထုတ်ပြန်ချက်တွင် ဆက်လက်ပြောကြားသည်။
သို့သော် နှစ်ဖက်စလုံးက စစ်ရှိန်မြင့်သွားအောင် လုပ်ခြင်းမှ ရှောင်ကျဉ်သင့်ကြောင်း ၎င်းကပြောသည်။
အီရန် အပေါ်စစ်ဆင်ရေးအား အစ္စရေးက ယနေ့မှာပင် စတင်လိုက်ပြီး တီဟီရန်အား အဏုမြူလက်နက်ထုတ်လုပ်ခြင်းမှ တားဆီးရန် ရည်မှန်းထားသော စစ်ဆင်ရေးအစမှာပင် အီရန်၏ နျူကလီးယားစခန်းများ၊ ထိပ်တန်းတပ်မှူးများ နှင့် ပဲ့ထိန်းဒုံးကျည်စက်ရုံများအား တိုက်လေယာဉ်ပေါင်း ၂၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့သည်။
ဂျာမနီ က လက်တွဲဖော်များနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နေပြီး အထူးသဖြင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့နှင့် လက်တွဲလုပ်ဆောင်နေကြောင်း မားဇ် က ပြောသည်။
“ ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေပြီး ထပ်ပြီး စစ်ရှိန်မြင့်တက်မှု ဖြစ်စေနိုင်တဲ့ ခြေလှမ်းတွေကနေ ရှောင်ကျဉ်ကြဖို့ ကျွန်တော်တို့က နှစ်ဖက်စလုံးကို တိုက်တွန်းပါတယ်” ဟု မားဇ် က ပြောကြားသည်။
အီရန်၏ တိုးတက်လားသော နျူကလီးယားအစီအစဉ် အပေါ်စိုးရိမ်မှု နှင့် နျူကလီးယားလက်နက်လုပ်နိုင်သော ပစ္စည်းများသန့်စင်နေမှု လုပ်ငန်းများအား ဖော်ထုတ်ပြောကြားရန် အီရန်ဘက်က တာဝန် ဝတ္တရားပျက်ကွက်မှုများကို ဂျာမနီက နှစ်ပေါင်းများစွာ ပြောကြားခဲ့ကြောင်း မားဇ် က ဆက်ပြောသည်။
ထိုအတောအတွင်းမှာပင် အစ္စရေး၏ပြောင်ပြောင်တင်းတင်း ရန်လိုသော လုပ်ရပ် က အီရန်၏ အချုပ်အခြာ၊ လုံခြုံရေးကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံတကာဥပဒေ နှင့်ထုံးတမ်းစဉ်လာများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။
နျူကလီးယားစခန်းများအား တိုက်ခိုက်နေသည်ဆိုသော သတင်းများအပါအဝင် ဖြစ်ပေါ်ပြောင်းလဲလာသော အခြေအနေကို အိန္ဒိယနိုင်ငံက အနီးကပ်စောင့်ကြည့်နေကြောင်း နှင့် စစ်ရှိန်မြှင့်ခြင်းအား ရှောင်ရှားကြရန် နှစ်ဖက်စလုံး အား တိုက်တွန်းကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ကုလသမဂ္ဂပဋိဉာဉ်နှင့် နိုင်ငံတကာဥပဒေအခြေခံမူများနှင့်ရှင်းလင်းစွာ ဆန့်ကျင်နေသော အစ္စရေး၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပြောကြားသည်။
ထို့ပြင် ပါကစ္စတန်က အီရန်ပြည်သူများနှင့်အတူ သွေးစည်းစွာ ရပ်တည်ကြောင်း ထုတ်ပြန်ချက် က ဆက်လက်ဖော်ပြခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters/CNN
