#ပြည်တွင်းသတင်း
◼ရွှေညောင်၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရပ်ကွက်အချို့ရေကြီးရေလျှံမှုဖြစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့(ဇွန် ၁၂ ရက်)၊ မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တာယောချောင်းရေကြီး ရေလျှံမှုဖြစ်ပြီး ရွှေညောင်မြို့ပေါ်ရှိ ရတနာရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နှင့် မင်္ဂလာရွှေဘိုရပ်ကွက်များ အတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူများအားလှိုင်ဘုံသာရပ်ကွက်၊ ပရိယတ္တိစာသင်တိုက်အတွင်း ရှိ ဇေယျာသီရိဓမ္မာရုံနှင့် မင်္ဂလာအေင်မြေရပ်ကွက်ရှိ ဒက္ခိဏာရာမဘုန်းတော်ကြီးကျောင်းတိုက်များသို့ ကူညီရွှေ့ပြောင်းပေးထားကြောင်း သိရသည်။
“ဒီမနက်ထိ ချောင်းထဲမှာတော့ ရေတော်တော်များတယ်။ တာယောနားပတ်ဝန်းကျင်လမ်းတွေတော့ ရေဝင်နေတယ်။ စိုးရိမ်စရာတော့သိပ်မရှိသေးဘူး။ မိုးကဆက်တိုက်ရွာမှပေါ့။ အခုလောလောဆယ့် မိုးတိတ်နေတယ်” ဟု ရွှေညောင်မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
လက်ရှိတွင် တာယောချောင်းအနီး၌ ကူညီကယ်ဆယ်မှုများဆောင်ရွက်ရန် မြန်မာနိုင်ငံမီးသတ်ဦးစီး ဌာနမှတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း ဒေသခံများ ထံမှသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ (ယခုနှစ်ဇွန် ၁၃ ရက်က တာယောချောင်းရေမြင့်တက်မှုအခြေအနေ)
