#ပြည်တွင်းသတင်း
◼လိုင်စင်မရှိဘဲနိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းပြုလုပ်ပါက အရေးယူမည်ဟုဗဟိုဘဏ်ထုတ်ပြန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကအသိပေးချက် ထုတ်ပြန်ထားသည်။
USDT နှင့် နိုင်ငံခြားငွေဈေးနှုန်းများမတည်မငြိမ်ဖြစ်စေရန် Facebook, Viber နှင့် Application (ဥပမာ၊ Myanmar Market Price) များမှ လှုံ့ဆော်မှုဆောင်ရွက်နေခြင်းများကို ဗဟိုဘဏ်မှစောင့်ကြည့်လျက် ရှိပြီး လှုံ့ဆော်မှုဆောင်ရွက်နေသော လူပုဂ္ဂိုလ်များနှင့်ဆက်စပ်သည့် လူပုဂ္ဂိုလ်များ၏ Pay Account နှင့် Banking Account များအားပိတ်သိမ်းခြင်း၊ ဖုန်း SIM ကတ်များအားပိတ်သိမ်းခြင်း၊ တည်ဆဲဥပဒေ များနှင့်အညီ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ လူပုဂ္ဂိုလ်များအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ဆက်သွယ်ရေးဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ် တရားရုံးများသို့ တရားစွဲဆို၍ အရေးယူပြစ်ဒဏ်ချမှတ်ထားသည့်ဖြစ်စဉ်များလည်းရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သွင်းကုန်လုပ်ငန်းရှင်များလိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွား ခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာသူများအတွက် အသေးသုံးနိုင်ငံခြား ငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - အင်ကြင်း
