2 d - Translate

မနေ့က ကျွန်တော့်ရဲ့ Ubuntu ပို့စ်အောက်မှာ အသက် ၆၀ အရွယ် ဦးလေးတစ်ယောက်က Music Production အတွက် Linux ကို စိတ်ဝင်တစား မေးမြန်းလာတာတွေ့တော့ အရမ်းကို အားတက် ဝမ်းသာမိပါတယ်။
သင်ယူလိုစိတ်အတွက် ဦးလေးကို လေးစားဂုဏ်ပြုရင်း၊ ဒီအကြောင်းအရာကို အားလုံးအတွက် အနည်းငယ်ပိုမို ပြည့်စုံအောင် ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။
Music Producer တစ်ယောက်အတွက် Linux က တကယ်အဆင်ပြေရဲ့လား?
အဖြေကတော့ “အလွန်အဆင်ပြေပြီး၊ တချို့နေရာတွေမှာ ပိုလို့တောင် ကောင်းပါတယ်” ခင်ဗျာ။
ဘာကြောင့် Linux က ဂီတဖန်တီးမှုအတွက် အားသာတာလဲ?
၁။ စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှု (Performance & Stability): Linux ဟာ နောက်ကွယ်မှာ မလိုအပ်တဲ့ program တွေ အလုပ်လုပ်နေတာ နည်းပါးတဲ့အတွက် ကွန်ပျူတာရဲ့စွမ်းအားကို ဂီတဖန်တီးမှုတစ်ခုတည်းအတွက် အပြည့်အဝ အသုံးချနိုင်ပါတယ်။ ဒါကြောင့် စက်ဟန်းခြင်း၊ software crash ဖြစ်ခြင်းတွေ သိသိသာသာ နည်းပါးပါတယ်။
၂။ အသံနောက်ကျမှုမရှိခြင်း (Low Latency): ဂီတသမားတွေအတွက် အရေးအကြီးဆုံးက Latency ပါပဲ။ Linux မှာ အသံ အဝင်အထွက် နှောင့်နှေးမှု (latency) ကို အထူးလျော့ချပေးထားတဲ့ “low-latency kernel” ကို အလွယ်တကူ သုံးနိုင်ပါတယ်။ ဒါကြောင့် recording လုပ်တဲ့အခါ၊ MIDI keyboard တီးခတ်တဲ့အခါ အသံနောက်ကျနေတာမျိုး လုံးဝမဖြစ်တော့ဘဲ တကယ့် real-time တီးခတ်ရသလို ခံစားရစေပါတယ်။
ဘယ် Software တွေ သုံးရမလဲ?
Windows နဲ့ Mac မှာလိုပဲ Linux မှာလည်း အစွမ်းထက်တဲ့ DAW (Digital Audio Workstation) တွေ အများကြီးရှိပါတယ်။
•အဓိက အကြံပြုချင်တာ - Ubuntu Studio: ဒါက Ubuntu ကိုမှ ဂီတသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ Version ပါ။ အပေါ်မှာပြောခဲ့တဲ့ low-latency kernel၊ လိုအပ်တဲ့ Audio Driver တွေ၊ Ardour (Professional DAW)၊ LMMS (FL Studio ပုံစံ Beat Making DAW) တို့လို software မျိုးစုံကို တစ်ခါတည်း ထည့်သွင်းပေးထားလို့ ဘာမှထပ်ရှာစရာမလိုဘဲ အသင့်သုံးနိုင်မှာပါ။
•Reaper: Windows မှာ နာမည်ကြီးတဲ့ Reaper ကို Linux မှာ တရားဝင်သုံးလို့ရပြီး ပေါ့ပါးမှုနဲ့ စွမ်းဆောင်ရည်ကြောင့် လူကြိုက်များပါတယ်။
•Plugins: Windows မှာသုံးနေကျ VST/VST3 plugin တော်တော်များများကို Yabridge လို tool သုံးပြီး Linux မှာ အဆင်ပြေပြေ ဆက်လက်အသုံးပြုနိုင်ပါတယ်။
ဘယ်က စတင်ရမလဲ (အရိုးရှင်းဆုံးနည်း)
စိတ်ရှုပ်မသွားအောင် အဆင့် ၃ ဆင့်နဲ့ လမ်းညွှန်ပေးချင်ပါတယ်:
1. Ubuntu Studio ကို Download လုပ်ပါ: Google မှာ “Download Ubuntu Studio” လို့ရှာပြီး နောက်ဆုံးထွက် version ကို download ဆွဲပါ။
2. Bootable USB ပြုလုပ်ပါ: Download လုပ်လို့ရလာတဲ့ ISO file ကို Balena Etcher လို software သုံးပြီး USB stick တစ်ခုထဲမှာ ထည့်ပါ။ (YouTube မှာ “Create bootable USB for Ubuntu” လို့ ရှာကြည့်ရင် tutorial တွေ အများကြီးရှိပါတယ်)
3. စက်မှာ Install မလုပ်ဘဲ စမ်းသုံးကြည့်ပါ: ကွန်ပျူတာကို restart ချပြီး USB ကနေ Boot တက်လိုက်ပါ။ အဲ့ဒီမှာ “Try Ubuntu Studio” ဆိုတာကို ရွေးလိုက်ရင် ကိုယ့်စက်ထဲမှာ ဘာမှမပြောင်းလဲဘဲ၊ ဘာမှ install မလုပ်ဘဲ Ubuntu Studio ကို အပြည့်အစုံ စမ်းသုံးလို့ရပါပြီ။ အထဲက DAW တွေကို ဖွင့်ပြီး စိတ်ကြိုက်ကလိကြည့်ပါ။
သင်ယူရမယ့် အပိုင်းလေးတွေ ရှိနိုင်ပေမဲ့၊ Open Source အသိုင်းအဝိုင်းက အမြဲကူညီဖို့ အသင့်ရှိနေပါတယ်။

image