၂၈ နှစ်အရွယ်ပညာရှင်အတွက် ၁၄ ဘီလျံကျော် သုံးလိုက်တဲ့ Meta
မတ်ခ်ဇူကာဘတ်က AI ထက် သာတဲ့ superintelligence ဘက် သွားချင်တဲ့သူ။
အခုဖြစ်ပုံက AI နယ်ပယ်မှာ Meta က ရှေ့မရောက်နိုင်ဘူး။ ပြိုင်ဘက်တွေကချည်း ကျော်တက်တာ ခံနေရတယ်။ ဒါကို ပြောင်းလဲဖို့ ပိုက်ဆံဘယ်လောက်သုံးရ သုံးရ သုံးမယ်လို့ ကြံတယ်။ အဲ့ဒီမှာ ဇူကာဘတ်က Scale AI CEO ကို ပြေးမြင်တော့တာပါပဲ။
Scale AI CEO အလက်ဇန်းဒါး ဝမ်က ၁၉၉၇ ဖွား အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ genius။ AI model တွေ train ဖို့ ဒေတာ labeling လုပ်ပေးတဲ့ Scale AI ကို ထောင်ပြီး ၂၄ နှစ်မှာ ကိုယ်စွမ်းကိုယ်စနဲ့ အသက်အငယ်ဆုံး ဘီလျံနာဖြစ်ခဲ့တဲ့သူ။ AI model မထုတ်တဲ့ သူ့ကုမ္ပဏီက မောင်းသူမဲ့ကားတွေကနေ Generative AI လုပ်ငန်းတွေအထိ ဒေတာ lableing လုပ်နေတာပါ။
AI models တွေက သူတို့ကို train တဲ့ ဒေတာကောင်းရင်ကောင်းသလောက် စွမ်းတာပါ။ Llama AI model တွေကို အဆင့်မြှင့်နေပေမယ့် ဒေတာ infrastructure ပိုင်း အားနည်းနေတဲ့ Meta အတွက် Scale AI က သော့ချက်လို့ ဇူကာဘတ်ခ်က မြင်ပါတယ်။ နောက်ပိုင်း လူထက်သာတဲ့ AGI သွားမယ်ဆို ဒေတာပိုင်းကျွမ်းတဲ့ ပညာရှင်ဦးဆောင်မှ ဖြစ်မယ်လို့ တွက်ပါတယ်။
ဒါကြောင့်ပဲ ဇူကာဘတ်က သူ့ Superintelligence lab မှာ ဦးဆောင်ဖို့ အလက်ဇန်းဒါး ဝမ်ကို အသေအလဲ လိုချင်နေတာ။ ဒီအတိုင်း ခေါ်ငှားလို့လည်း မရတော့ Scale AI ကို ဒေါ်လာ ၁၄.၃ ဘီလျံပေး ဝယ်လိုက်တယ်။ Scale AI မှာလည်း ရှယ်ယာာ ၄၉% ပိုင် ၊ အလက်ဇန်းဒါး ဝမ်ကိုလည်း သူ့ Superintelligence lab ကို ကိုင်ခိုင်းနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ခဲ့တာပါ။
ဒါကို startup လောကမှာ acquihire လို့ သုံးပါတယ်။ လုပ်ငန်းလည်းဝယ် , လူလည်းငှားဆိုတဲ့ စကားနှစ်လုံးကို ပေါင်းသုံးထားတဲ့ ဝေါဟာရပါ။ ကုမ္ပဏီတစ်ခုရဲ့ ဈေးကွက်နဲ့ ဖောက်သည်တွေ လက်လွှဲယူတာမဟုတ်ဘဲ အဲ့ဒီကုမ္ပဏီက ပညာရှင်တွေကို အဓိက တည်ပြီး ဝယ်တာမျိုးပါ။
Scale AI လည်း သူ့ဟာနဲ့သူ လွတ်လပ်တဲ့ကုမ္ပဏီတစ်ခုလို ဆက်သွားမယ်။ ဇူကာဘတ်ရဲ့ Superintelligence ရည်မှန်းချက်အတွက်လည်း ပညာရှင်တွေ ရပါမယ်။ ဇူကာဘတ်ခ်ကတော့ Superintelligence အတွက် ပြိုင်ဘက် OpenAI နဲ့ Google တို့က ပညာရှင်တွေပါ ခေါ်နေပါတယ်။
ဒီပညာရှင်တွေအတွက် လစာခံစားခွင့် ဒေါ်လာသန်းရာချီ သုံးဖို့လည်း ပြင်နေပါတယ်။ Superintelligence lab အတွက် ဇူကာဘတ်ကိုယ်တိုင် လူ၅၀ နီးပါး ရွေးထားတယ်လို့လည်း သတင်းထွက်ထားပါတယ်။
