ငလျင်နဲ့ ဆူနာမီ သတင်းကြောင့် ဂျပန်တောင်ပိုင်း လေယာဉ်ခရီးစဉ်တွေကို ဟောင်ကောင်လေကြောင်းလိုင်း နှစ်လ ဖျက်သိမ်း
ဟောင်ကောင်၊ ဇွန်-၁၃-၂၀၂၅
မျိုးဆက် (VOM)
ဂျပန်နိုင်ငံမှာ ယခုနှစ်နွေရာသီအတွင်း ငလျင်နဲ့ဆူနာမီ အကြီးအကျယ်ဖြစ်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ဂျပန်တောင်ပိုင်းကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်တွေကို ဇူလိုင်နဲ့ ဩဂုတ်လတို့မှာ ဖျက်သိမ်းမယ်လို့ ဟောင်ကောင်လေကြောင်းလိုင်းက ထုတ်ပြန်ကြေညာပါတယ်။
အခြေအမြစ်မရှိတဲ့ အဲဒီကောလာဟလသတင်းတွေကြောင့် ဟောင်ကောင်နဲ့ ဂျပန်ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တွေဟာ ပြီးခဲ့တဲ့မေလကစပြီး ကျဆင်းခဲ့တယ်လို့ ဟောင်ကောင်လေကြောင်းလိုင်းက ဆိုပါတယ်။
ဒီအခြေအနကြောင့် ဟောင်ကောင်လေကြောင်းလိုင်းဟာ ဂျပန်နို်ငငံတောင်ပိုင်း ကာဂိုရှီးမားနဲ့ ကူမာမိုတိုစီရင်စုတွေကို ပြေးဆွဲပျံသန်းမယ့်ခရီးစဉ်အားလုံးကို ဇူလိုင်လနဲ့ ဩဂုတ်လတို့မှာဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
လေကြောင်းလိုင်းဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကာဂိုရှီးမားကို ပြီးခဲ့တဲ့နှစ်နွေဦးက ပြန်လည်စတင်ခဲ့ပြီး ဒီဇင်ဘာလမှာတော့ ခရီးသွားများပြားတာကြောင့် အပတ်စဉ် အသွားအပြန်ခရီးစဉ် သုံးကြိမ်ကနေ လေးကြိမ်ထိ တိုးချဲ့ပြေးဆွဲခဲ့ပါတယ်။
ငလျင်ကောလာဟလတွေ စတင်ပြန့်နှံ့လာတဲ့ ယခုနှစ်နွေဦးကစပြီး လေယာဉ်စီးနှင်းသူ ကျဆင်းသွားခဲ့တယ်လို့ ပြောပါတယ်။ ဒီသတင်းတွေဟာ သိပ္ပံနည်းကျ အခြေအမြစ်မရှိကြောင်းနဲ့ တရားဝင်အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကို ယုံကြည့်အခြေခံပြီး ခရီးသွားလာကြဖို့ ဂျပန်ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကလည်း တိုက်တွန်းထားပါတယ်။

image