4 ရက် - ဘာသာပြန်ပါ။

ငလျင်ကြောင့် အခြေခံအဆောက်အအုံများ တိုက်ရိုက်ထိခိုက်ပျက်စီး ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
ရန်ကုန်၊
မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၏ တိုက်ရိုက်ထိခိုက်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
၎င်းကို ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်းအစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ၎င်းဆုံးရှုံးမှုတန်ဖိုးမှာ မြန်မာနိုင်ငံ GDP ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ဆိုသည်။
ငလျင်ဘေးကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် နေပြည်တော်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူ ၁၇ သန်းခန့်အပေါ်၌လည်း ထိခိုက်မှုရှိခဲ့ပြီး ၉ သန်းခန့်မှာ အတိဒုက္ခရောက်ခဲ့ရ သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါသည်။
ငလျင်ကြောင့် လက်ရှိဘဏ္ဍာနှစ်၌ စီးပွားရေးထုတ်လုပ်မှုပမာဏသည် ယခင်ကထက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် လျော့နည်းမည်ဟု မျှော်မှန်းထားပြီး မန္တလေးနှင့် နေပြည်တော်တို့မှာ ဧပြီလနှင့် စက်တင်ဘာလအကြား ကာလအတွင်း စီးပွားရေးထုတ်လုပ်မှုပမာဏ၏ သုံးပုံတစ်ပုံခန့် ဆုံးရှုံးမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။
နစကအနေနှင့် ငလျင်ဒဏ်ကြောင့် လူဦးရေ ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၃၈၀၄.၅၄၉ ဘီလီယံရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး ငလျင်ဒဏ်သင့် ဒေသများရှိ အရင်းအနှီးလိုအပ်သူများအတွက် ငွေကျပ် ၇၀၀ ဘီလီယံအထိ ထုတ်ချေးပေးသွားရန် လျာထားကြောင်းလည်း နစကဥက္ကဋ္ဌက မေလ ၃၀ ရက်နေ့တွင် ပြောကြားထားသည်။

image