3 ရက် - ဘာသာပြန်ပါ။

ငလျင်ဘေး နောက်ဆက်တွဲကြောင့် စီးပွားရေးစိန်ခေါ်မှုများ ပိုဆိုးလာဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
“ငလျင်ဘေးကြောင့် စီးပွားရေး ၂.၅ ရာခိုင်နှုန်း လျော့ကျမည်ဟုလည်း ခန့်မှန်း”
ရန်ကုန်၊
ငလျင်ဘေးနောက်ဆက်တွဲကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးစိန်ခေါ်မှုများ ပိုဆိုးလာကြောင်း ကမ္ဘာ့ဘဏ်၏ ဇွန်လ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာအရ သိရှိရသည်။
မြန်မာနိုင်ငံအနေနှင့် ငလျင်ဒဏ်အကျိုးသက်ရောက်မှုကို ဆိုးရွားစွာခံစားခဲ့ရပြီး စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများသည် နောက်ဆက်တွဲရိုက်ခက်မှုတွေကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု အဆိုပါစီးပွားရေးအစီရင်ခံစာအသစ်တွင် ရေးသားပြုစုထားသည်။
ပြည်တွင်းပဋိပက္ခ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲနှုန်းကန့်သတ်ချက် အစရှိသော လတ်တလောစိန်ခေါ်မှုကြီးတွေ ဖြစ်ပေါ်နေစဉ် ငလျင်ဘေးနောက်ဆက်တွဲသက်ရောက်မှုများ ကြောင့်လည်း စီးပွားရေးဂယက်များ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
အစီရင်ခံစာအရ ငလျင်ဘေးအကျိုးဆက်များကြောင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း-GDP သည် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ကျသွားမည်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။
ထို့အပြင် အင်အားပြင်းငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၏ တိုက်ရိုက်ထိခိုက်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်ကို တွေ့ရှိရပြီး ၎င်းမှာ မြန်မာ့ GDP ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု အစီရင်ခံစာအရ လေ့လာရသည်။
ငလျင်ဘေးကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော် စသည့်ဒေသများ၌ နေထိုင်ကြသည့် ပြည်သူ ၁၇ သန်းခန့်အပေါ် ထိခိုက်မှုရှိခဲ့ပြီး ၉ သန်းခန့်မှာ အတိဒုက္ခရောက်ခဲ့ရသည်ဟု ဖော်ပြသည်။
“ငလျင်ကြောင့် အသက်ဆုံးရှုံးမှု၊ နေရပ်ရွှေ့ပြောင်းမှုတွေ ဖြစ်ရသလို ယခင်ကတည်းက အခက်အခဲကြုံနေရတဲ့ စီးပွားရေးအခြေအနေကိုလည်း ပိုမိုဆိုးရွားသွားစေပါတယ်” ဟု ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး မီလင်ဒါဂွတ်ဒ်က ပြောသည်။
ငလျင်ကြောင့် စက်ရုံများပိတ်ရခြင်း၊ ကွင်းဆက်ထောက်ပံ့ရေးလုပ်ငန်း (Supply Chain) များ အကန့်အသတ်နှင့် ကြုံတွေ့ရခြင်း၊ လုပ်သားရှားပါးခြင်း၊ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးသွားခြင်း များ ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီး၌ ကုန်ထုတ်လုပ်မှုများ ကမောက်ကမ ဖြစ်ခဲ့ရသည်ဟုလည်း ရေးသားထားသည်။
ငလျင်ကြောင့် လက်ရှိဘဏ္ဍာနှစ် စီးပွားရေးထုတ်လုပ်မှုပမာဏသည် ယခင်ကထက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် လျော့နည်းမည်ဟု မျှော်မှန်းထားပြီး မန္တလေးနှင့် နေပြည်တော်တို့တွင် ဧပြီလနှင့် စက်တင်ဘာလအကြား ကာလအတွင်း စီးပွားရေးထုတ်လုပ်မှုပမာဏ၏ သုံးပုံတစ်ပုံခန့် ဆုံးရှုံးမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းပြန်သည်။
“မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံ ရှင်သန်ရပ်တည်နိုင်စွမ်းကို ထပ်ပြီးစမ်းသပ်လိုက်ရာရောက်ပါတယ်။ အခက်အခဲတွေ အများဆုံးရှိတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ချက်တွေ မရှိမဖြစ် လိုအပ်ပါတယ်” ဟု မီလင်ဒါဂွတ်ဒ်က ဆိုသည်။
ငလျင်ဒဏ်ကြောင့် လူဦးရေ ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၃၈၀၄.၅၄၉ ဘီလီယံရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားပြီး ငလျင်ဒဏ်သင့် ဒေသတွေက အရင်းအနှီးလိုအပ်သူများအတွက် ငွေကျပ် ၇၀၀ ဘီလီယံအထိ ထုတ်ချေးပေးဖို့ လျာထားကြောင်းလည်း နစကဥက္ကဋ္ဌက မေလ ၃၀ ရက်နေ့တွင် ပြောကြားထားသည်။
ကမ္ဘာ့ဘဏ်၏ Myanmar Subnational Phone Survey စစ်တမ်းအရ ငလျင်မတိုင်ခင်က မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ငလျင်ကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်း ၂.၈ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း မှန်းဆထားသည်။
ယခုကဲ့သို့ ဆင့်ကဲဖြစ်ပေါ်နေသည့် အခက်အခဲ အကျပ်အတည်းများသည် မြန်မာအိမ်ထောင်စုများအတွက် ထွက်ပေါက်မဲ့စေပြီး ဆိုးရွားသည့် ဖိအားအောက် အရောက်တွန်းပို့သလို ဖြစ်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားပါတယ်။
ထို့အပြင် ဖိအားများကြီးထွားလာပါက ရွေးချယ်စရာမရှိတော့သည့် ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ရခြင်းက ကလေးငယ်များ၏ ပညာသင်ယူမှု အခွင့်အလမ်းနှင့် ရလာဒ်အပေါ် သက်ရောက်မှု ရှိလာသည်ဟု ရေးသားထုတ်ပြန်ထားပြီး ၎င်းသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက်ကိုပါ ထိခိုက်လာနိုင်သည့် အန္တရာယ်ဟု ဆိုနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် အဆုံးသတ်ရေးသားထားသည်။
Photo: YRYEA

image