3 ရက် - ဘာသာပြန်ပါ။

ငွေစုစာအုပ်ဖြင့် ရွှေရောင်းခြင်း မပြုလုပ်ကြရန် ရန်ကုန်ရွှေအသင်း အသိပေး
ရန်ကုန်၊ ဇွန် ၁၃
အွန်လိုင်းပလက်ဖောင်းကတစ်ဆင့် ဝယ်/ရောင်းလုပ်သူတွေကို ငွေစုစာအုပ်နဲ့ ရွှေရောင်းချခြင်း မပြုလုပ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသိပေးချက် ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေနဲ့ အွန်လိုင်းကနေ ရွှေရောင်းဝယ်သူတွေအားလုံးကို အထူးသတိပေးချက်အတွင်း အထက်ပါအတိုင်း ဖော်ပြထားတာပါ။
အွန်လိုင်းကနေ တာလီစနစ်နဲ့ ရွှေရောင်းခြင်းနဲ့ ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းတွေကိုလည်း YGEA က ကန့်သတ်လာပါတယ်။
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေအနေနဲ့ နေ့စဉ်ဖွင့်လှစ်ခြင်းနဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချဖို့လည်း အသိပေးထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေနဲ့ အွန်လိုင်းကနေ ရွှေရောင်းဝယ်သူတွေအားလုံး ရွှေဆိုင်နဲ့ ပတ်သက်တဲ့ လိုင်စင်တွေကို မဖြစ်မနေ လျှောက်ထားကြဖို့ YGEA က တိုက်တွန်းထားပါတယ်။
ရွှေဆိုင်လုပ်ငန်းတစ်ခုမှာ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ YCDC လုပ်ငန်းလိုင်စင်၊ အဖိုးတန်ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ရေးလုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်နဲ့ ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူတွေကို ထုတ်ပေးတဲ့ လုပ်ငန်းမှတ်ပုံတင်လက်မှတ်တွေ လျှောက်ထားဖို့ လိုအပ်ပါတယ်။
သက်ဆိုင်ရာဌာနတွေက လာရောက်စစ်ဆေးတဲ့အခါ ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း YGEA က အသိပေးထားပါတယ်။
ဒီကနေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၃၄၂၁ ဈေးတန်းရှိနေချိန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၈၅၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ပါတယ်။
သတင်း - BETV Business

image