#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးဝန်ထမ်းအချို့ကို ဘေးလွတ်ရာပြောင်းရွှေ့
လုံခြုံရေး စိုးရိမ်ပူပန်မှုများကြောင့် အီရတ်နိုင်ငံ ဘဂ္ဂဒက်ရှိအမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော မရှိမဖြစ်မဟုတ်သည့် ဝန်ထမ်းများနှင့် မိသားစုများကို ဘေးလွတ်ရာပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း အမေရိကန်တာဝန်ရှိသူများက ဇွန် ၁၁ ရက်တွင်ပြောသည်။
ယင်းသို့ ရွှေ့ပြောင်းရသည့်အကြောင်းရင်းကို တာဝန်ရှိသူများက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း မကြာသေးမီရက်ပိုင်းက အီရန်နျူကလီးယားအစီအစဉ်အပေါ် အမေရိကန်နှင့် အီရန် ဆွေးနွေးပွဲများ ရပ်တန့်သွားဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဘဂ္ဂဒက်ရှိအမေရိကန်သံရုံးဝန်ထမ်းများ၏ အခြေအနေကို အဆက်မပြတ်အကဲဖြတ်နေပြီး နောက်ဆုံးအခြေအနေခွဲခြမ်း စိတ်ဖြာမှုများအရ အီရတ်ရှိသံရုံးမစ်ရှင်ကို လျှော့ချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူက ပြောသည်။
အန္တရာယ်ရှိသည့်နေရာတစ်ခု ဖြစ်နိုင်သဖြင့် ပြောင်းရွှေ့ရခြင်းဖြစ်ပြီး ဆက်လက် စောင့်ကြည့်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောသည်။ အီရန်နှင့်အမေရိကန်တို့ အကြားရက်သတ္တတစ်ပတ်ကြာ ဆွေးနွေးမှုများပြီးနောက် သံရုံးဝန်ထမ်းများကို ပြောင်းရွှေ့ရန် စီစဉ်လာခြင်းဖြစ်သည်။
ဆွေးနွေးပွဲမအောင်မြင်ပါက အီရန်အပေါ်စစ်ရေးအရ အရေးယူမည်ဟု ဒေါ်နယ်ထရန့်ကခြိမ်းခြောက်ထားပြီး အီရန်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်မည်ဟု သတိပေးထားသည်။
ဘီဘီစီ
