#ဆက်ရန်ရှိ

တဆင့်ခံ ရောက်ရှိလာတဲ့ ရေညှိဧည့်သည်များ | ဒုတိယအဆင့် မွေးစားခံရတဲ့ ကလိုရိုပလက်စ်
-----
~ Kyaw Zwar Lynn
ယူကယ်ရီယုတ် သက်ရှိဟာ ဘက်တီးရီးယားကို မိမိဆဲလ်အတွင်းမှာ ခေါ်ယူ မွေးစားရာကနေ မိုက်တိုခွန်ဒြီယွန် (mitochondrion) နဲ့ ကလိုရိုပလက်စ် (chloroplast) ဖြစ်လာပါတယ်။ အဲဒီ့ ဖြစ်စဉ်ကို ဆဲလ်အတွင်း သဟဇီဝနပြုခြင်း (endosymbiosis) လို့ ခေါ်ပါတယ်။ အဲဒီ့အကြောင်းကို ရှေ့က ပို့စ်မှာ ဆွေးနွေးဖော်ပြခဲ့ပါတယ်။
ရှေးဦး ယူကယ်ရီယုတ် တစ်မျိုးက ဆိုင်ယန်နို ဘက်တီးရီးယား (စိမ်းပြာရေညှိ) ကို မွေးစားလိုက်ရာကနေ ဆိုင်ယန်နိုဘက်တီးရီးယားက "ကလိုရိုပလက်စ်" ဆဲလ်အင်္ဂါနုပ် အဖြစ် ရုပ်ပျက်သွားပါတယ်။ အဲဒီ့ ယူကယ်ရီယုတ် ကလည်း သူမွေးထားတဲ့ ကလိုရိုပလက်စ်ရဲ့ အလင်းမှီ အစာစုဖွဲ့နိုင်စွမ်းကို အမွေရလိုက်တယ်ပေါ့။
-----
ဆက်စပ်ဖတ်ရှုစရာ -
မိုက်တိုခွန်ဒြီယွန်နဲ့ ကလိုရိုပလက်စ်ရဲ့ မူလအစ | ဆဲလ်အတွင်း သဟဇီဝန ဖြစ်စဉ် နဲ့ မိတ်ဆက်ခြင်း
https://web.facebook.com/myanm....arastronomy/posts/pf
-----
အဲဒါက အယ်လဂျီ (algae) လို့ ခေါ်တဲ့ ရေညှိတစ်မျိုးရဲ့ မူလအစပါပဲ။ ရေညှိလို့ချည်း ဗမာလို ပြောရင်၊ အဓိပ္ပာယ်က သိပ်မသဲကွဲတဲ့အတွက် အနည်းငယ် ရှင်းလင်းချင်ပါတယ်။ ကျောက်တုံးတွေပေါ်မှာ ကပ်ပေါက်တဲ့ ကုန်းပေါ်နေ စိုစိစိ အပင်တစ်မျိုးကိုလည်း ရေညှိ လို့ ခေါ်တယ်။ အင်္ဂလိပ်လိုတော့ မော့စ် (moss) လို့ ခေါ်ပါတယ်။ ပင်လယ်ရေထဲမှာ ပေါက်တဲ့ အပင်နဲ့ တူတဲ့ ရေညှိတွေကိုကျတော့ “ရေမှော်” လို့ ခေါ်ကြတယ်။ ရေကန်တွေမှာ နောက်ကျိကျိ အညှိတက်တဲ့ အစိမ်းရောင် အမျှင်တွေကိုလည်း ရေညှိလို့ ခေါ်တာပါပဲ။ အယ်လဂျီ ရေညှိလို့ ပြောလိုက်ရင်တော့ အပင်မဟုတ်ဘဲ အလင်းရောင်နဲ့ အစာချက်နိုင်တဲ့ ယူကယ်ရီယုတ်တွေကို ခေါ်တာပါ။ ဆဲလ် တစ်လုံးစီ ထီးတည်းနေတာလည်း ရှိတယ်။ အရွက်၊ ပင်စည်နဲ့ ကုပ်တွယ်မြစ်တွေရှိလို့ အပင်နဲ့တောင် မှားနိုင်တဲ့ အယ်လဂျီတွေလည်း ရှိပါတယ်။ သူတို့ကိုတော့ ခုနက ပြောသလို "ရေမှော်” လို့ သုံးနှုန်းပါတယ်။
ဒါဖြင့် ဆိုင်ယန်နိုဘက်တီးရီးယားကလည်း ရေမှာ အညှိတက်တာပဲ မဟုတ်လား။ သူ့ကိုလည်း စိမ်းပြာရေညှိလို့ ခေါ်တယ် မဟုတ်လား။ သဘာဝတ္ထပညာရှင်တွေက သူ့ကိုလည်း တချိန်တုန်းက အယ်လဂျီ ရေညှိရယ်လို့ “ရောချ”ခဲ့ကြတယ်။ သူ့ကို ၂၀ရာစုအစပိုင်းကျတော့မှ အယ်လဂျီ မဟုတ်ကြောင်း၊ ဘက်တီးရီးယား တစ်မျိုးသာ ဖြစ်ကြောင်း တိတိကျကျ မျိုးခွဲသတ်မှတ်လိုက်တာပါ။ အဲဒီ့ ဆိုင်ယန်နိုဘက်တီးရီးယားကပဲ ကျန်တဲ့ ယူကယ်ရီယုတ် အယ်လဂျီ အားလုံးအတွက် ကလိုရိုပလက်စ်ကို ဆဲလ်အတွင်း သဟဇီဝနပြုခြင်း အားဖြင့် အမွေပေးခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ယန်နိုဘက်တီးရီးယားက လွန်ခဲ့တဲ့ နှစ်သန်း ၂,၅၀၀ ခန့်က ပေါ်ပေါက်ခဲ့ပြီး၊ သူ့ကို ယူကယ်ရီယုတ်က မွေးစားတာက လွန်ခဲ့တဲ့ နှစ်သန်း ၂,၀၀၀ ခန့်ကပါ။ ကလိုရိုပလက်စ် ပိုင်ဆိုင်ထားတဲ့ ယူကယ်ရီယုတ်ကို အစိမ်းရောင် အယ်လဂျီ (green algae) လို့ ခေါ်ပါတယ်။ အဲဒီ့ထဲက မျိုးနွယ်တချို့က ဆင့်ကဲပြောင်းလဲရင်းနဲ့ အနီရောင် အယ်လဂျီ (red algae) မျိုးနွယ် ထွက်ပေါ်လာပါတယ်။ သူတို့ရဲ့ ကလိုရိုပလက်စ်က ကလိုရိုဖီး အပြင် တခြား အနီရောင်ခြယ်တွေ ရှိလို့ သူတို့တွေ အနီရောင် ဖြစ်နေတာပါ။
ဆင့်ကဲဖြစ်စဉ်က ဆန်းကျယ်ပါတယ်။ ယူကယ်ရီယုတ်က ဘက်တီးရီးယားကို မွေးစားပြီး ကလိုရိုပလက်စ် ဖန်တီးလို့ အားမရသေးပါဘူး။ ကိုယ်တိုင်က ယူကယ်ရီယုတ် ဖြစ်နေတဲ့ အနီရောင် အယ်လဂျီဟာ တခြား ယူကယ်ရီယုတ် များစွာက တဆင့် ပြန်မွေးစားတာကိုလည်း ခံရပါတယ်။
ဆဲလ်တလုံးချင်းစီနေတဲ့ တခြား ယူကယ်ရီယုတ် (တနည်းအားဖြင့် ပရိုးတစ် - protist) တွေက အစားကျူးတဲ့ အဏုဇီဝတွေပါ။ သူတို့ဟာ ဘက်တီးရီးယားကိုသာ မမွေးစားထားရင် ကိုယ်တိုင် အစာချက်နိုင်စွမ်း မရှိလို့၊ ဘက်တီးရီးယားတွေ၊ သူတို့ထက် အရွယ်ငယ်တဲ့ တခြား ယူကယ်ရီယုတ်တွေကို ဝါးမျိုစားသောက်ပါတယ်။ ပရိုးတစ် လောကဟာ ကြီးနိုင်ငယ်ညှင်းဖြစ်ပြီး ကြမ်းတမ်း ခက်ထန်ပါတယ်။ ပရိုးတစ် တချို့က အနီရောင် အယ်လဂျီကို စားမိမှာလည်း မလွဲဧကန်ပါပဲ။ ကလိုရိုပလက်စ်တုန်းကလိုပဲပေါ့။ တချို့က မိမိ ဝါးမျိုတဲ့ အယ်လဂျီ ကို မချေဖျက်ဘဲ ဆက် မွေးထားဖြစ်သွားတဲ့အခါ သူတို့ချင်း မိတ်ဆွေ ဖြစ်လာတယ်။ (ပုံ ၁ ကို ရှုပါ။)
ပရိုးတစ်က မိမိမွေးစားထားတဲ့ အယ်လဂျီဆီကနေ သကြားအာဟာရတွေကို ခံစားခွင့်ရတယ်။ အယ်လဂျီ ကလည်း ပရိုးတစ်က အမဲလိုက် စားသောက်ပြီး၊ စွန့်ပစ်တဲ့ နိုက်ထရိုဂျင်ကို မြေဆီဩဇာ အဖြစ် သုံးစွဲခွင့် ရသလို၊ တခြား ပရိုးတစ်တွေက ရန်ပြုမှာကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
အိမ်ရှင်နဲ့ ဧည့်သည်လေးဟာ မျိုးဆက်တွေ များစွာ အဲဒီ့အတိုင်း ဖြတ်သန်းလာပြီးတဲ့အခါ ဧည့်သည် အယ်လဂျီ ထဲက ဆဲလ်ဝတ်ဆံ နဲ့ မိုက်တိုခွန်ဒြီယွန်အပါအဝင် အင်္ဂါရပ်များစွာကို တစ်စစ ဆုံးရှုံးသွားလိုက်တာ၊ အနီရောင် ကလိုရိုပလက်စ် တခုပဲ ကျန်တော့တဲ့ အထိပါပဲ။ ဒီဖြစ်စဉ်မှာ ယူကယ်ရီယုတ် တစ်မျိုးက ကလိုရိုပလက်စ် ရှိပြီးသား တခြား ယူကယ်ရီယုတ်ကို နောက်တဆင့် မွေးစားလိုက်တာ ဖြစ်လို့၊ ဒုတိယအဆင့် သဟဇီဝနဖြစ်စဉ် (secondary endosymbiosis) လို့ ခေါ်ပါတယ်။ သူတို့တွေမှာ အဲဒီ့ဖြစ်စဉ်ရဲ့ သဲလွန်စတချို့လည်း ကျန်ရစ်ပါတယ်။
ဒုတိယအဆင့် မွေးစားတဲ့ ကလိုရိုပလက်စ်တွေမှာ အဆီအမြှေးပါး (၄) ခုအထိ ရှိပါတယ်။ အတွင်းဘက် အကျဆုံး နှစ်ခုက ဆိုင်ယန်နိုဘက်တီးရီးယားရဲ့ နဂိုအမြှေးပါးနှစ်ခုပေါ့။ အတွင်းဘက်က ရေရင် တတိယမြောက် အမြှေးပါးက အခု မွေးစားခံရမယ့် အနီရောင်အယ်လဂျီရဲ့ ဆဲလ်အမြှေးပါးပေါ့။ စတုတ္ထမြောက် (အပြင်ဘက်ဆုံး) အမြှေးပါးကကျတော့ အနီရောင် အယ်လဂျီကို ဒုတိယတဆင့် ဝါးမျိုးမွေးစားလိုက်တဲ့ ပရိုးတစ် ရဲ့ ဝါးမျိုးအမြှေးပါးပေါ့။ တချို့မှာတော့ တတိယ နဲ့ စတုတ္ထ အမြှေးပါးတွေကို စွန့်လွှတ်လိုက်တဲ့အတွက် အမြှေးပါးက (၃) ခု သို့မဟုတ် (၂) ခုပဲ ရှိပါတယ်။
ကလိုရိုပလက်စ်တချို့ကျတော့ ဘေးမှာ နျူကလီယိုမော့ဖ် (nucleomorph) ခေါ် ဆဲလ်ဝတ်ဆံယောင် တစ်ခု ရှိပါတယ်။ အဲဒါက အနီရောင် အယ်လဂျီရဲ့ အပြည့်အဝ မစွန့်လွှတ်သေးတဲ့ ဆဲလ်ဝတ်ဆံ လက်ကျန်လေးပဲ ဖြစ်ပါတယ်။ (ပုံ ၂ ကို ရှုပါ။)

#ဆက်ရန်ရှိ

image