5 ရက် - ဘာသာပြန်ပါ။

ဆရာမမှုးရဲ့ " ဇွန်ပန်းရုံဆီမပြန်ချင်ပါ "စာအုပ်လေးကိုဖတ်မိပြီး တအားကြိုက်ခဲ့ရသလို ဒုတိယတစ်အုပ်ဖြစ်တဲ့ “ စမ်းချောင်းနီနီပြည်တော်အေးအေး " ကိုလည်း ပိုသဘောကျမိပြန်ပါပြီ။
လူ့စိတ်ရဲ့ ရွေ့လျားဖြစ်တည်မှုတွေကို ရေးဖွဲ့ထားတာများ ဖတ်နေတဲ့လူကိုပါ အပီအပြင်ဆွဲခေါ်သွားတော့တာပါပဲ။ တကယ်တော့ စမ်းချောင်းနီနီပြည်တော်‌အေးအေးဟာ ဇာတ်ကောင်နှစ်ဦးသာပါဝင်တာပါ။ စာရေးသူရဲ့လူ့စိတ်အလျင်ကို ရေးဖွဲ့မှုမှာ ပိုင်နိုင်ကျွမ်းကျင်မှုသာမရှိခဲ့ရင် ပျင်းရိဖွယ်ရာဖြစ်သွားနိုင်တဲ့ဇာတ်လမ်းမျိုးပါပဲ။ ဒီစာအုပ်လေးက ဇာတ်ကောင်နှစ်ဦးတည်းနဲ့ ဝတ္ထုတစ်အုပ်လုံးထဲ စာဖတ်သူပါဝင်လာအောင် သိမ်းသွင်းညှို့ငင်နိုင်စွမ်း အပြည့်ရှိတယ်လို့ပဲပြောပါရစေ။
ဒီစာအုပ်ကိုဖတ်နေရင်းရော၊ ဖတ်ပြီးတဲ့အခါမှာရော ဆင့်ပွားအတွေးတွေက စွဲကျန်နေခဲ့ပါသေးတယ်။ လောကကြီးမှာ မမြင်ရတဲ့လိုင်းစွဲအားတွေရှိတယ်။ တယ်လီဖုန်းလိုင်းတို့၊ မီးလိုင်းတို့လိုမျိုးပေါ့ ။ ဟိုးအရင် ကြိုးဖုန်းတွေခေတ်မှာ မတော်တဆဖုန်းလိုင်းတွေပူးသွားတာမျိုး ကြုံဖူးကြတယ်မဟုတ်လား။ မီးလိုင်းတွေပူးပြီး ရှော့ဖြစ်တာမျိုးတွေရောပဲ။ ဒါဆိုရင် စိတ်တွေကရော လိုင်းမပူးနိုင်ဘူးလား။ တခြားလူရဲ့စိတ်တွေက ကိုယ့်ဆီလာပူးကပ်ရင်ရော ဘာတွေဆက်ဖြစ်နိုင်မလဲ။ ကိုယ့်ခန္ဓာကိုယ်တောင် မပိုင်ကြဘူးလို့ ဘုရားဟောရှိတဲ့အခါ စိတ်တွေကရော ကိုယ့်စိတ်အမှန်ဖြစ်ပါ့မလား။
ဆရာမမှုးကတော့ ဒီစာအုပ်ကိုဖတ်ပြီးရင် သူ့ရဲ့အကြောက်တရားကိုမရှာပါနဲ့တဲ့။ ကျွန်မကတော့ စာရေးသူဆရာမရဲ့ အကြောက်တရားကိုမရှာမိပါဘူး။ ဒါပေမဲ့ တွေ့လိုက်မိတာက စာဖတ်သူကျွန်မရဲ့အကြောက်တရားကိုပါပဲ။ ဆရာမနဲ့ စာဖတ်သူကျွန်မတို့ အကြောက်တရားခြင်း တိုက်ဆိုင်မှု ရှိ၊ မရှိဆိုတာကတော့........။

image