အိန္ဒိယ လေယာဉ်ပျက်ကျမှု အရေးပေါ်ထွက်ပေါက်အနီးထိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားတယောက်သာ အသက်ရှင်
ဒေလီ၊ ဇွန်-၁၃-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် အာမာဒါဘတ်မြို့မှာ ပျက်ကျမှုကြောင့် လိုက်ပါလာသူ ၂၄၂ ယောက်အနက် ဗြိတိန်နိုင်ငံသားတယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဗစ်ရှ်ဝပ်ရှ်ကူးမား ရာမက်ရှ်ဟာ လေယာဉ်အရေးပေါ်ထွက်ပေါက်အနီးက ထိုင်ခုံမှာဖြစ်ပြီး ခုန်ချနိင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ အိန္ဒိယနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်ပြီး ထိုင်ခုံအမှတ် ၁၁-အေ မှာ ထိုင်ခဲ့သူဖြစ်ကာ ပြည်ထဲရေးဝန်ကြီး အမစ်ရှာချ်ဟာ ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သူ့တကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ပြည့်နေပြီး အသက်အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။
အသက် ၄၀ အရွယ် အဲဒီအမျိုးသားဟာ အိန္ဒိယရှိ မိသားစုဆီကို အလည်လာပြီးနောက် အကိုနဲ့အတူ ဗြိတိန်ကိုပြန်တာဖြစ်တယ်လို့ အိန္ဒိယသတင်းဌာနတွေကို ပြောပါတယ်။ အခင်းဖြစ်ပြီး အသိစိတ်ဝင်လာတဲ့အချိန် အနားမှာ အလောင်းတွေနဲ့ လေယာဉ်အပိုင်းအစတွေ ပြန့်ကြဲနေတယ်လို့ သူကဆိုပါတယ်။
ကူးမားဟာ လေယာဉ်ပျက်မကျခင် ခုန်ချနိုင်ခြင်း ရှိမရှိကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ လေယာဉ်ဟာ ပျံတက်ပြီးနောက်မကြာခင် နိမ့်ဆင်းသွားပြီး ရုတ်တရက်နှစ်ပိုင်းဖြစ်သွားကာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုမတိုင်ခင် သူဟာလွှင့်ထွက်သွားခဲ့တယ်လို့ ကူးမားက ပြောဆိုခဲ့ကြောင်း အခြားဆရာဝန်တယောက် ပြောပါတယ်။
လက်ရှိမှာတော့ အိန္ဒိယလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ပျက်ကျမှုမှာ ရုပ်အလာင်း ၂၀၄ လောင်း ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရသူ ၄၀ ကျော်ကို ဆေးရုံတင်ထားရပါတယ်။ လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသား ၁၆၉ ယောက်၊ ဗြိတိန် ၅၃ ယောက်အပြင် ကနေဒါနဲ့ ပေါ်တူဂီနိုင်ငံသား တချို့လည်း ပါဝင်ပါတယ်။
လေယာဉ်ဟာ အိန္ဒိယလေကြောင်းလိုင်း ခရီးစဉ် အမှတ် Flight AI171 ဖြစ်ပြီး
လေကြောင်းခြေရာခံဝက်ဘ်ဆိုက် Flightradar24 ရဲ့အဆိုအရ လေယာဉ်ဟာ ပျံတက်ပြီး စက္ကန့်ပိုင်းအကြာ အမြင့်ပေ ၆၂၅ ပေအရောက်မှာ လူနေရပ်ကွက်ပေါ် ပျက်ကျခဲ့တာလို့ ဆိုပါတယ်။
Boeing 787-8 Dreamliner လေယာဉ်တွေကို ၂၀၀၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး အစင်းရေး ၁၀၀၀ ကျော်ဟာ လေကြောင်းလိုင်း ဒါဇင်များစွာမှာ ပြေးဆွဲနေကြပါတယ်။ ယခုလေယောဉ်ပျက်ကျမှုကြောင့် အမေရိကန်မှာ ဘိုးအင်းရဲ့ အစုရှယ်ယာတွေ ဆက်တိုက်ကျဆင်းနေပါတယ်။
