5 d - Translate

#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများတွင် ပြန်လည်နေထိုင်ခွင့်ပြုသော်လည်း နေထိုင်ရန်စိုးရိမ်မှုများရှိနေဟုဆို
နေပြည်တော်၌ ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများတွင် ပြန်လည်နေထိုင်ရန် သက်ဆိုင်ရာကခွင့်ပြုထားသော်လည်း ဝန်ထမ်းများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများထံမှသိရသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိရုံးအဆောက်အအုံများ၊ အထူးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့ပြီး ယင်းအဆောက်အအုံများ၏ ပျက်စီးမှုအနည်းအများအလိုက် အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့်အနီရောင်အဆင့်အဖြစ် ခွဲခြားသတ်မှတ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနှစ်လခန့်အကြာတွင် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသည့် ဝန်ထမ်း အိမ်ရာများကို အပြာရောင်အဆင့်အဖြစ်ပြောင်းလဲလိုက်ကြောင်း ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူများက ဆိုသည်။
လက်ရှိတွင် သာမန်ပျက်စီးမှုဖြစ်သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်နေပြီဖြစ်ကာ လိမ္မော်ရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံပျက်စီးမှုများကို နည်းပညာရှင်များ၏ အကူအညီကိုရယူ၍ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Level-1 တွင် အနီရောင်အဆင့်သတ်မှတ်ထားသော အဆောက်အအုံများကို Structure ပညာရှင်များပါဝင်သည့် အဖွဲ့နှင့် Level-2 စစ်ဆေးရန်လိုအပ်ပြီး အချို့အဆောက်အအုံများအား Strengthening ပြန်လည်ပြုလုပ်ရန် Repair နှင့် Retrofit ပြုလုပ်ရမည်ဖြစ်ကြောင်း၊ Structure ကြီးကြီးမားမား ထိခိုက်သည့် အဆောက်အအုံများကိုမူ ပြန်လည်ပြုပြင်ရန်မရနိုင်သည့်အတွက် ဖယ်ရှားရှင်းလင်း ရမည်ဖြစ်ကြောင်း နစက၏ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က ပြီးခဲ့သည့်မေ ၁၀ ရက် တွင်ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ပြောဆိုထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD/CJ

image