ညမထွက်ရအမိန့်ထုတ်ထားသော်လည်း လော့အိန်ဂျလိမြို၌ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား
********************
(နိုင်ငံတကာ) ဇွန်လ ၁၂
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့အိန်ဂျလိမြို့၌ ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှု များကို ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတထရမ့် က အမျိုးသားအစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့ကို စေလွှတ်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏မူဝါဒအရ နိုင်ငံအတွင်း ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ၊ ခိုးဝင် နေထိုင်သူ များကို ဗဟိုအစိုးရတာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်စဉ် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရပြီး ထိုဆန္ဒပြမှုများက ဆူပူအုံကြွမှုဆီသို့ ကူးပြောင်းလာခြင်း ဖြစ်သည်။
ဇွန်လ ၁၀ ရက်ညပိုင်းအထိ အမေရိကန် ပြည်တွင်းသတင်းဌာနများ၏ထုတ်ပြန်ချက်များကို ကြည့်ပါက အဆိုပါဆူပူအုံကြွမှုများသည် လော့အိန်ဂျလိမြို့၌သာမက အခြားမြို့ပေါင်း ၁၀ မြို့ကျော်တွင်လည်း အလားတူ ဆူပူ ဆန္ဒပြမှုများဖြစ်ပွားနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်သူများသည် အခကြေးငွေ ရယူထားသည့် ဆူပူအုံကြွသူများဖြစ်ကြောင်း၊ လော့အိန်ဂျလိမြို့တွင် အုံကြွမှုများဖြစ်ပွားစေရန် ကောင်းစွာ လေ့ကျင့် ထားသည့် သွေးထိုးလှုံ့ဆော်သူများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထရမ့် က ပြောထားသည်ဟု ဆင်ဟွာ သတင်း ဌာနဖော်ပြချက်အရ သိရသည်။
