ပန်းခင်းစီမံချက်နဲ့ လူဦးရေ ၄ သိန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေ
******************
(ပြည်တွင်း) ဇွန်လ ၁၂
မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားကတ်တစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် ၃ နဲ့ လူဦးရေ ၄ သိန်းကျော်ကို ယခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် လျာထားဆောင်ရွက်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပန်းခင်းစီမံချက်အဆင့် ၃ မှာ ယခင်ပန်းခင်းစီမံချက်များမှ ဆောင်ရွက်ရန် ကျန်ရှိသူများနှင့်ထပ်မံ၍ အသက် ၁၈ နှစ် ပြည့်လာမည့် ကိုင်ဆောင်ကတ်ပြားမရှိသေးသူများ ပါဝင်တယ်လို့ ဇွန်လ ၁၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့တဲ့မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟို ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်ဝန်ကြီးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ မဲဆန္ဒရှင်စာရင်း မှန်ကန်တိကျစေရန်၊ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းမှန်ကန် စေနိုင်ရန်နှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရန်တို့အတွက် မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီနဲ့ ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ မြေပြင် တစ်အိမ်တက်ဆင်း၊ ကွင်းဆင်း စာရင်းကောက်ယူခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။
“ပန်းခင်း” စီမံချက်အရ အမျိုးအစား ၄ မျိုးခွဲထားပြီး လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မူလဒေသမှာ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိပြောင်းရွှေ့ရောက်ရှိ နေတဲ့ဒေသမှာ ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် မူလဒေသမှာ အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ်မရှိတဲ့ အပြင် လက်ရှိရောက်ရှိနေတဲ့ဒေသမှာ အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် အိမ်ထောင်စု စာရင်းရော၊ မှတ်ပုံတင်ပါ ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ သိရပါသည်။
