#နိုင်ငံတကာသတင်း
◼ ဒေါ်နယ်ထရန့်နှင့်ပတ်သက်သည့်ပို့စ်တချို့အတွက်နောင်တရမိကြောင်း အီလွန်မာ့စ်ပြော
ဆိုရှယ်မီဒီယာတွင် စကားလုံးတိုက်ပွဲဆင်နွှဲနေစဉ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် နှင့်ပတ်သက်သည့် ပို့စ်တချို့အတွက်နောင်တရမိကြောင်း ဘီလျံနာ အီလွန်မာ့စ်ကပြောကြားလိုက်သည်။
" ဒါတွေကအတော်လေးလွန်သွားပါတယ်။" ဟု ၎င်း၏ ဆိုရှယ်မီဒီယာ X တွင်မာ့စ်က ရေးသားခဲ့သည်။
အိမ်ဖြူတော်တာဝန်မှ နုတ်ထွက်ပြီးမကြာမီTesla ပိုင်ရှင်မာ့စ်က ထရန့်၏ အခွန်ဥပဒေမူကြမ်းကို စက်ဆုပ်ရွံရှာဖွယ် ဟုခေါ်ဆိုပြီးနောက် ၎င်းတို့နှစ်ဦးသည်လူသိရှင်ကြား အချေအတင်ဖြစ်ခဲ့ကြသည်။
နှစ်ဦးအကြားရင်ကြားစေ့ရေးနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေကို New York Post နှင့် ယမန်နေ့အင်တာဗျူးတွင် ထရန့် က ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပြီးနောက်မာ့စ်၏ပို့စ်ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဖြစ်အပျက်များအတွက်အနည်းငယ်စိတ်ပျက်မိသော်လည်းပြင်းထန်သည့်ခံစားချက်မရှိကြောင်း သမ္မ တထရန့်ကအင်တာဗျူးတွင် ပြောကြားသည်။
"ဒီလိုပြောခဲ့မိတာတွေကို သူအတော်လေးခံစားသွားရတယ်လို့ ကျွန်တော်ထင်ပါတယ်။"ဟုထရန့်က ပြောသည်။
ကြီးမားသောအခွန်ဖြတ်တောက်မှုနှင့် ကာကွယ်ရေးအသုံးစရိတ်များ အပါ အ ဝင် ဘတ်ဂျက်ကို ပြီးခဲ့သည့်လတွင် အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ယခုအခါ အထက်လွှတ်တော်အမတ်များကစဉ်းစားသုံးသပ်လျက်ရှိသည်။
အဆိုပါဥပဒေကြမ်းကြောင့်ယခုနှစ်ဝက်တွင် စီးပွားရေးကျဆင်းမှုဖြစ်စေလိမ့်မည်ဟုမာ့စ်ကယုံကြည်နေပြီး ဥပဒေကြမ်းကိုဆန့်ကျင်ကန့်ကွက်ရေး၀ါရှင်တန်ရှိ၎င်းတို့ကိုယ်စားလှယ်များအားတောင်းဆိုရန်အမေရိကန်နိုင်ငံသားများကိုတိုက်တွန်းခဲ့သည်။
နောက်ပိုင်းတွင်လိင်ပိုင်းဆိုင်ရာကျူးလွန်သူဂျက်ဖရီအက်ပ်စတိန်း နှင့် ဆက်စပ်နေသည့် မထုတ်ပြန်ရသေးသော အစိုးရဖိုင်များတွင်ထရန့်လည်းပါဝင်ပတ် သက်နေကြောင်းမာ့စ်သက်သေအထောက်အထားမရှိဘဲအခိုင်အမာဆိုခဲ့ပြီး ယင်းစွပ်စွဲချက်များကို အိမ်ဖြူတော်က ပယ်ချခဲ့သည်။
ယင်းအပေါ်တုံ့ပြန်သည့်အနေဖြင့်မာ့စ်ကရူးသွပ်သွားပြီဖြစ်ကြောင်းထရန့်ကပြောကြားခဲ့ပြီးခန့်မှန်းခြေတန်ဖိုးဒေါ်လာ ၃၈ ဘီလီယံ (ပေါင် ၂၈ ဘီလီယံ) ရှိသောအစိုးရစာချုပ်များကို ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
"သူကအတော် မလေးစားတဲ့အတွက် ဒါဟာ အလွန်ဆိုးရွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ သမ္မတရဲ့ ရုံးခန်းကိုခင်ဗျားမလေးစားလို့မရပါဘူး။" ဟု ထရန့်က NBC နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့နောက်ထရန့်ကိုစွပ်စွဲပြစ်တင်ရန်တောင်းဆိုမှုအပါအဝင်၎င်း၏ဆိုရှယ်မီဒီယာပို့စ်အများအပြားကို မာစ့်က ယခု သီတင်းပတ်ကုန်တွင်ဖျက်ပစ်ခဲ့သည်ဟုယူဆရသည်။
မာ့စ်သည်၂၀၂၄ခုနှစ်သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွင်းထရန့်အ တွက်အကြီးဆုံးအလှူရှင်ဖြစ်ပြီးသမ္မတ၏ညာလက်ရုံးအဖြစ်သတ်မှတ်ခံထားရသည်။
ရီပတ်ဘလီကန်အများစုက ၎င်းတို့နှစ်ဦး ရင်ကြားစေ့ရန် တောင်းဆိုထားသော် လည်း ရန်ပွဲဖြစ်ပွားနေချိန်တွင် ဒီမိုကရက်များက စောင့်ကြည့်နေခဲ့ကြသည်။
သတင်း-လင်းခေတ်
ကိုးကား-BBC
