ကိုယ့်ကို နာကျင်စေသူကို နာကျင်နေတဲ့အချိန်မှာ
မေတ္တာပို့နိုင်အောင် ကြိုးစားခြင်းဟာ ပညာပါပဲ။
ငယ်ငယ်က အမေဆုံးမဖူးတဲ့ စကားလေးတစ်ခွန်းရှိတယ်။အဲဒါကတော့
"ကိုယ့်ကို နာကျင်စေတဲ့သူတွေဆိုရင် မေတ္တာပို့လိုက်ငါ့သား"တဲ့။
ငယ်စဉ်ကတည်းက မေမေ့စကားလေးအတိုင်း ကျင့်ကြံလာတဲ့ ကျွန်တော်ဟာ
အခုဆိုရင် ကျွန်တော့်ကို မကောင်းကြံစည် ချောက်တွန်းတတ်သူတွေကို မေတ္တာပို့နိုင်နေပါပြီ။တချိူ့အချိန်တွေမှာ နာကျင်လွန်းလို့ မေတ္တာပို့ဖို့ အဆင်မပြေခဲ့ဘူးဆိုရင်တောင်
" ကျွန်တော် နာကျင်ရသလို မနာကျင်ရပါစေနဲ့" ဆိုတဲ့
စကားလေးတော့ မဖြစ်မနေ ပြောဖြစ်တယ်။ နောက်ဆုံးမှာတော့ များများနာကျင်လေလေ မေတ္တာများများ ပို့လေလေပါပဲ။
အဆုံးအစွန်ပြောရမယ်ဆိုရင် ကျွန်တော့် အသည်းကို ခွဲခဲ့တဲ့ သူ့ကို ဆိုရင်လည်း
" သူ ရောက်ရာအရပ်မှာ အဆင်ပြေပြီး ခိုးနားတဲ့ ရင်ခွင်တိုင်း သူ့အတွက် အေးချမ်းနေပါစေ"
" ကျွန်တော့်ကို မချစ်တဲ့ သူလည်း
သူချစ်တဲ့ တခြားတစ်ယောက်နဲ့ ရိုးမြေကျနိုင်ပါစေ"
"ကျွန်တော့်ချစ်ခြင်းမေတ္တာများသည် သူ့အတွက် ပူလောင်မှုမျိုးမဖြစ်စေဘဲ အေးချမ်းမှုမျိုးသာ ဖြစ်ပါစေ"
တကယ် စိတ်ရင်းမှန်နဲ့ဆုတောင်းတတ်လာခဲ့ပါတယ်။သူ့ကို သတိရရင် ဘယ်ကိုမှ မသွားဘဲ ဘုရားစင်ရှေ့သာ ပြေးသွားခဲ့တယ်။အပြင်တို့ ရုံးတို့ ရောက်နေတဲ့အခါ သူ့မျက်နှာကို ရအောင် မြင်ယောင်ပြီး မေတ္တာပို့ဖြစ်ပါတယ်။
အခုစာဖတ်နေတဲ့သူကို ပြောချင်တဲ့ တစ်ခုတည်းသော ဦးတည်ချက်က ကိုယ့်ကို နာကျင်စေတဲ့အခါ နာကျင်စေသူကို နာကျင်စေသလောက် မေတ္တာများများ ပို့ပါ။
