အဖ သုက်ပိုး၊ အမိ မျိုးဥ၊ သားအိမ် မပါပဲ လူသန္ဓေသားလောင်းကို စတင်တီထွင်
ကမ္ဘာ့သမိုင်းတွင်သာမက သိပ္ပံပညာအတွက်ပါ ပထမဆုံးအကြိမ်အဖြစ် အစ္စရေးနိုင်ငံ ၊ ဝေ့ဇ်မန်းသိပ္ပံပညာသင်ကျောင်း၌ သုတေသနပညာရှင်များက အဖ သုက်ပိုး၊ အမိ မျိုးဥ၊ သားအိမ် ၊ မျိုးဥပြွန် ၊ လိင်ဆက်ဆံမှု၊ ပုံတူကူး ကလုန်းနည်းပညာ၊ Implant နည်းပညာ စတာတွေ ဘာတခုမှ မပါပဲ လူသန္ဓေသားလောင်းကို စတင်တီထွင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုမျှမကသေး၊ ၄င်းသားလောင်းကို ဖန်ပြွန်ပေါင်းချောင်တခုအတွင်းထား၍ ဦးနှောက်၊ နှလုံး၊ သားဥအိတ် ကဲ့သို့ လူသားအားလုံး၏ ကနဦး ကိုယ်အင်္ဂါများကို ၁၄ ရက်အတွင်း ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။ ယခင်က တိရစ္ဆာန်ပုံတူပွါးမှုများ၊ လူသားမွေးဖွားခြင်းဆိုင်ရာ လေ့လာတုပမှုများ၊ သုက်ပိုးနှင့်မျိုးဥကို သားအိမ်တုအတွင်းပေါင်းစပ် မျိုးအောင်စေမှုများ ရှိခဲ့သော်လည်း ယခုလောက်ထိတော့ မည်သူမျှ မဖန်တီး(နိုင်)ခဲ့ကြသေးပေ။
ပုံတူကူး နည်းပညာမလို၊DNA ပြင်စရာမလို၊ ဗီဇကုတ် ပွါးခြင်း မလိုအပ် ပဲ ပညာရှင်များက လူသား၏ ပင်မဆဲလ် (Stem Cell) တမျိုးတည်းကိုသာ သုံးပြီး လူသားသန္ဓေသားလောင်းပုံစံကို ပီပီပြင်ပြင် ထုတ်လုပ်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ဤနည်းလမ်းသစ်သည် ခန္ဓာကိုယ်အစိတ်အပိုင်း တည်ဆောက်မှုများအတိုင်း သဘာဝ ဖွံ့ဖြိုးမှုကို ပိုမို တိကျစွာ အတုယူထားသည်။ လူ့ခန္ဓာကိုယ်အင်္ဂါများနှင့် ခြေလက်များကို ဖြစ်ပေါ်စေသော သဘာဝတရား၏ စည်းချက်ကျပြောင်းလဲခြင်း
(symmetry)၊ ဆဲလ်အချင်းချင်း ဆက်သွယ်မှုနှင့် ခန္ဓကိုယ် အလိုအလျောက် ဖွံံ့ဖြိုးတိုးတက်လာမှု အထိ အနှစ်သာရ အစစ်တစ်ခု ဖွဲ့စည်းပုံကို အတိအကျ ဖန်တီးပေးနိုင်မှာ ဖြစ်သည်။
ပုံမှန်အားဖြင့် သားအိမ်အတွင်း မမြင်ရသော လူသား၏ ပထမဆုံးသော ၁၄ ရက် အတွင်း ဖွံ့ဖြိုးမှုကို အသေးစိတ် ကြည့်နိုင်သည့် နည်းလမ်းရှိလာပြီဖြစ်သည့်အပြင် ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်နံရံတွင် သန္ဓေသား မကပ်နိုင်ခြင်းအပြင် ၊ အချို့ကလေးတို့၏မွေးရာပါရောဂါများ (မွေးရာပါ သွေးအားနည်းခြင်း၊ ကိုယ်လက်အင်္ဂါ မစုံခြင်း၊ ပုံမှန်ထက် သန်စွမ်းမှု ထူးခြားနေခြင်း၊မွေးရာပါ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကွဲပြားနေခြင်း ကဲ့သို့သော) နောက်ကွယ်ရှိ အကြောင်းရင်းကို ဖော်ထုတ်လေ့လာနိုင်တော့မှာဖြစ်ကြောင်း သိရပါသည်။
သို့သော် သိပ္ပံ၏ တီထွင်နိုင်စွမ်း နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းမေးကြသူတချို့အပါအဝင် ဘာသာရေးခေါင်းဆောင်များ၏ အပြင်းအထန် ကန့်ကွက် ဝေဖန်မှုများအပြင် ၊ အနောက်နိုင်ငံများတွင်ပင် ဥပဒေအရ တားမြစ်ပိတ်ပင်မှုများလည်း ရှိနေပေရာ
“မလုပ်သင့်” ဟု ထင်မြင်ယူဆထားကြသူများအကြား ပဋိပက္ခ ကြီးမလာအောင် ရှောင်ရှားသည့် သဘောပေလားမသိ။ ယခု သန္ဓေသားလောင်းသည် လူသားတယောက်အဖြစ် ဆက်လက်ကြီးထွားလာမှာတော့ မဟုတ်ဟု ဆိုပါသည်။
Page ရဲ့ စာဖတ်သူတွေရော အမြင်ဘယ်လိုရှိပါသလဲ။
လူသားအစစ် နဲ့ လူသားပုံစံတူ ကြားက ကွာခြားမှုကရော ဘာတွေဖြစ်မလဲ။ တကယ်လို့ ကိုယ်သာ အဲ့လိုဖန်တီးပြီး လူဖြစ်လာရရင် ဘယ်လိုခံစားချက် ရှိမလဲ။ လူ့ကျင့်ဝတ်ရှုထောင့်ဆိုတာရော ဘာပါလဲ။ ဒီ ဖန်တီးနိုင်မှုကနေ ကောင်းကျိုးနဲ့ဆိုးကျိုး ဘာပိုများနိင်မလဲ။ ဆွေးနွေးပေးကြပါဦး။ သိပ်မကြာခင်မှာတော့ အနည်းငယ်သော နည်းပညာတိုးတက်မှုလေး ဖြစ်လိုက်တာနဲ့ ဒီတီထွင်ဖန်တီးမှုကနေ ရောဂါကုသရေးလိုနေရာမှာ သုံးမလား၊ လူ့အသက်ကို (ဖန်တီး၊ဖျက်ဆီး၊ဆွဲဆန့် တာလို) ထိန်းချုပ်ဖို့သုံးမလားဆိုတာတော့ နောက်ဆယ်စုနှစ်တွေအတွင်း အဖြေပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။
