2 ပတ် - ဘာသာပြန်ပါ။

အကြမ်းဖက်သမားမှ ကမ္ဘာကျော်အေးဂျင့်ဖြစ်လာသူ - Ali Abdelaziz
MMA လောကမှာ Ali Abdelaziz ၊ Audie Attar ၊ Matt Dodge ၊ DeWayne Zinkin ၊ Malki Kawa တို့က ထိပ်တန်းအေးဂျင့်တွေပါ။ အခုဆောင်းပါးမှာ အကြမ်းဖက်သမားမှ ကမ္ဘာကျော်အေးဂျင့်ဖြစ်လာတဲ့ Ali Abdelaziz အကြောင်းကို ရေးပါမယ်။
Ali Abdelaziz ကို ၁၉၇၇ ခုနှစ်မှာ မွေးတယ်။ အီဂျစ်နိုင်ငံသားဖြစ်ပါတယ်။ ဂျူဒိုနဲ့ Brazilian Jiu-Jitsu ကစားတယ်။ ငယ်ငယ်တုန်းက MMA လည်း ထိုးတယ်။ (၁) ပွဲနိုင် (၃) ပွဲရှုံးဆိုတော့ ကြေးစားဘဝက မအောင်မြင်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။
Ali Abdelaziz က MMA ကစားသလို Muslims of America ဆိုတဲ့ အကြမ်းဖက်အဖွဲ့မှာ အလုပ်လုပ်တယ်။ အကြမ်းဖက်သမားတွေကို ကိုယ်ခံပညာသင်ပေးရတာပါ။ CIA အဖွဲ့အစည်းကလည်း Ali Abdelaziz ကို စောင့်ကြည့်နေတယ်။
ဒီနေရာမှာ FBI (Federal Bureau of Investigation) နဲ့ CIA (Central Intelligence Agency) ကွာခြားပုံကို ရှင်းပြပါမယ်။ အမေရိကန်နိုင်ငံမှာ ပြည်နယ် (၅ဝ) ရှိပါတယ်။ ဖလော်ရီဒါပြည်နယ် ဝရမ်းပြေးက ဝါရှင်တန်ပြည်နယ်ကိုရောက်ရင် ဖလော်ရီဒါရဲတွေက ဝင်ဖမ်းလို့ မရဘူး။ FBI က ပြည်နယ်မရွေးဘဲ ဝင်ဖမ်းနိုင်တယ်။ FBI က ပြည်တွင်းရေးကို ကိုင်တွယ်ရပြီး CIA က ပြည်ပ ရာဇဝတ်သားတွေကို နှိမ်နှင်းရတယ်။ 9/11 Attack တုန်းက FBI နဲ့ CIA ပူးပေါင်းခဲ့ဖူးတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်မှာ Osama bin Laden ရဲ့ Al-Qaeda အကြမ်းဖက်အဖွဲ့က World Trade Center ကို လေယာဉ်နဲ့ ဝင်တိုက်တယ်။ 9/11 Attack ပါ။ အဲဒီနေ့မှာ Ali Abdelaziz က ကိုင်ရိုမြို့မှ နယူးယောက်မြို့ကို သွားဖို့ လက်မှတ်ဖြတ်ထားတယ်။ ချက်ချင်းပဲ လေယာဉ်လက်မှတ်ကို Cancel လုပ်တယ်။ အကြမ်းဖက်မှုဖြစ်‌မှာကို ကြိုသိတဲ့သဘော။ ခရီးသည် အဝင်အထွက်ကို ပြန်စစ်ကြည့်လို့ CIA အဖွဲ့အစည်းက ရိပ်မိသွားတယ်။ ဒါပေမယ့် ခွင်မဝင်သေးလို့ Ali Abdelaziz ကို မဖမ်းပါဘူး။
Ali Abdelaziz က နိုင်ငံကူးလက်မှတ်အတုကိုင်ပြီး အမေရိကန်နိုင်ငံကို ခိုးဝင်လာတယ်။ ဒုက္ခသည်ဟန်ဆောင်တယ်။ နိုင်ငံကူးလက်မှတ်အတု (၅) ခုရှိတယ်။ ဒီဇင်ဘာလ (၁၈) ရက်မှာ အဖမ်းခံရတယ်။
ကျွန်တော်က အိုလံပစ်ဂျူဒိုချန်ပီယံပါ။ အီဂျစ်အစိုးရက လာနေခိုင်းလို့ အမေရိကန်နိုင်ငံကို ရောက်လာတာပါ။ Olympic Training Center မှာ လေ့ကျင့်တာ (၅) နှစ်ရှိပါပြီလို့ Ali Abdelaziz ကလျှောက်ပြောတယ်။ ပြန်စစ်လိုက်တော့ အလိမ်ပေါ်တာပဲ။
နယူးယောက်ရဲဌာနက Muslims of America အကြမ်းဖက်အဖွဲ့ကို စုံစမ်းနေလို့ အကျဉ်းသား Ali Abdelaziz ကို သွားတွေ့တယ်။ Jamaat ul-Fuqra အကြမ်းဖက်အဖွဲ့ရဲ့ သတင်းတွေပြန်ပေးခိုင်းတယ်။ Ali Abdelaziz လည်း ရဲသတင်းပေးဖြစ်သွားတယ်။ သတင်းစုပြီး နယူးယောက်ရဲဌာကို ပြန်ပေးရတယ်။
နယူးယောက်ရဲဌာနကလည်း Ali Abdelaziz လို အကြမ်းဖက်သမားကို မယုံပါဘူး။ မုသားဖော်စက်သုံးပြီး သတင်းတွေကို စိစစ်ရတယ်။ ကိုလိုရာဒိုပြည်နယ် အကျဉ်းထောင်ထဲမှာ (၉) လကျော် နေလိုက်ရတယ်။ ထောင်ကလွတ်ပြီး နောက်ပိုင်းမှာ FBI သတင်းပေးလုပ်ရတယ်။ FBI ကို တစ်ပတ်ရိုက်ပေမယ့် မုသားဖော်စက်မှာ အလိမ်ပေါ်လို့ အလုပ်ပြုတ်သွားပြန်တယ်။ အဲဒါကြောင့်မို့လို့ Conor McGregor က Ali Abdelaziz ကို "Snitch Terrorist Rat" လို့တောင် ခေါ်တာပါ။
Ali Abdelaziz က အားကစားဘက်ကို အာရုံစိုက်လာတယ်။ လူရင်း Renzo Gracie ကို အေးဂျင့်လုပ်ပေးတယ်။ ကစားသမားများလာလို့ Dominance MMA Management ကုမ္ပဏီကို ထောင်လိုက်တယ်။ အောင်မြင်တာပါပဲ။
Ali Abdelaziz က Khabib Nurmagomedov ၊ Justin Gaethje ၊ Kamaru Usman ၊ Henry Cejudo ၊ Cody Garbrandt ၊ Beneil Dariush နဲ့ Islam Makhachev တို့ကို အေးဂျင့်လုပ်ပေးတယ်။ ပွဲစာချုပ်နဲ့ စပွန်ဆာကိစ္စတွေကို အဓိကလုပ်တယ်။
"Dominance MMA Management မှာ Khabib Nurmagomedov လို (၁၀) ယောက်လောက် ရှိတယ်။ Khamzat Chimaev လို ဖိုက်တာမျိုးလည်း (၁၀) ယောက်လောက်ရှိတယ်"
Ali Abdelaziz ဆီမှာ နပန်းကောင်းတဲ့ ဖိုက်တာတွေ အများကြီးရှိတယ်တဲ့။ စုစုပေါင်း ဖိုက်တာ (၃၀၀) ကျော်လောက် ကိုင်တွယ်ထားတယ်။ ကစားသမား အများဆုံးကိုင်ထားတဲ့ အေးဂျင့်ပါ။ အများအားဖြင့် ရုရှားနိုင်ငံသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေပဲ။
ရုံးအလုပ်မရှိရင် Ali Abdelaziz က American Kickboxing Academy (AKA) မှာ လေ့ကျင့်တယ်။ သူ့ဖိုက်တာတွေကိုလည်း အမြဲကာကွယ်ပေးတယ်။ အခုချိန်မှာ အောင်မြင်ထင်ရှားတဲ့ အေးဂျင့်ဖြစ်နေပြီ။
နိဂုံးချုပ်ပါမယ်။ ဘယ်သူမှ အမှားမကင်းဘူး။ လူ့ဘဝက တိုပါတယ်။ အမှားကို လက်ညှိုးထိုးနေရင်လည်း နေပျော်မှာ မဟုတ်ဘူး။ လမ်းမှန်လျှောက်နိုင်ဖို့ပဲ လိုတာပါ။

image