ကိုယ်ဖန်တီးတဲ့ AI က ပြန်စွပ်စွဲတာ ခံလိုက်ရတဲ့ အီလွန်မတ်စ်
Grok လုပ်ပုံကတော့ အီလွန်မတ်စ်အတွက် မီးလောင်ရာ လေပင့်ပါပဲ။
အိမ်ဖြူတော်ကလူတွေနဲ့ အီလွန်မတ်စ် ရန်ဖြစ်နေချိန် X မှာ Screenshot တစ်ခု တက်လာပါတယ်။ SS က အိမ်ဖြူတော်ဝန်ထမ်းရေးရာလက်ထောက်အကြီးအကဲ စတီဖင်မီလာရဲ့ "အမေရိကကို ငါတို့ ပြန်ယူရမယ်" ဆိုတဲ့ ပို့စ်ကို အီလွန်မတ်စ်က reply ပြန်ထားတာပါ။
အီလွန်မတ်စ်အကောင့်ပုံနဲ့ reply ထဲမှာ ရေးထားတာက "မင်းမိန်းမကို ငါယူလိုက်သလိုမျိုးပေါ့" ဆိုတဲ့ စာပါ။ စတီဖင်မီလာရဲ့ ဇနီးဆိုတာက အီလွန်မတ်စ် ဦးဆောင်ခဲ့တဲ့ DOGE ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်ခဲ့သူ ကတ်တီ မီလာကို ပြောတာ ဖြစ်ပါတယ်။
ထရမ့်နဲ့ အီလွန်မတ်စ် အကွဲအပြဲတွေ မဖြစ်ခင်ကတည်းက အီလွန်မတ်စ်နဲ့ စတီဖင်မီလာတို့က ရန်စောင်နေကြတာပါ။ အကွဲအပြဲဖြစ်ပြီးနောက်မှာ အီလွန်မတ်စ်က X မှာ စတီဖင်မီလာကို Unfollow လုပ်ခဲ့ပါတယ်။ အခုတော့ ပြန် Follow လုပ်ပြီလို့လည်း ပြောပါတယ်။
ကတ်တီကတော့ DOGE က အီလွန်မတ်စ် ထွက်သွားတဲ့နောက် သူလည်း လိုက်ထွက်သွားပြီး အီလွန်မတ်စ်ဆီမှာ အလုပ်လုပ်နေပါတယ်။ ဒီဖြစ်ရပ်ကြောင့် မီလာရဲ့ ဇနီးကတ်တီနဲ့ မတ်စ်တို့အနေအထား အွန်လိုင်းမှာ သို့လောသို့လော ကောလာဟလတွေ ထွက်နေချိန် ဒီ Screenshot ထွက်လာတာမို့ အတော်ပွက်လောရိုက်သွားပါတယ်။ ဒါကို ပိုပွဲဆူစေခဲ့တာက အီလွန်မတ်စ်ရဲ့ xAI ထုတ် Grok ပါ။
social media သုံးသူတစ်ယောက်က အဲ့ဒီ Screenshot အစစ်ဟုတ်မဟုတ် Grok ကို မေးပါပါတယ်။ Grok က အီလွန်မတ်စ်တင်ခဲ့ပြီးမှ ဖျက်ပစ်တာ ဖြစ်နိုင်တယ်ဆိုပြီး အဖြေပေးပါတယ်။ ဒီပို့စ်ကို အီလွန်မတ်စ်က "မဟုတ်ပါဘူးကွာ။ အတုကြီးပါ။ ဒါကို ငါ ဘယ်တုန်းကမှ မတင်ခဲ့ပါဘူး" လို့ ပြန်ဖြေရှင်းခဲ့ရပါတယ်။
အခုဖြစ်ရပ်က AI chatbot တွေရဲ့ အချက်အလက်ဆန်းစစ်ချက်တွေက စိတ်မချရသေးဘူးဆိုတာ မီးမောင်းထိုးပြနေပါတယ်။
