1 w - Translate

ဒေါ်လာ ၁၀ သန်းအကုန်ခံမယ့် ဘီဇော့စ်မင်္ဂလာဆောင် ကန့်ကွက်ခံနေရ
ဘီလျံနာကြီးဖြစ်လည်း သူများနိုင်ငံတွေမှာတော့ ထင်ရာလုပ်လို့မရပါဘူး။
ကမ္ဘာ့အချမ်းသာဆုံးတစ်ဦးဖြစ်တဲ့ Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်ရဲ့အဖြစ်က သက်သေပါ။ ဘီလျံနာ ဘီဇော့စ်နဲ့ သူ့ချစ်သူ လော်ရန်ဆန်းချက်ဇ်တို့က ဗင်းနစ်မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူဌေးတွေနဲ့ နာမည်ကျော်တွေ တက်ရောက်မယ့် ဒီမင်္ဂလာဆောင်က မြင်ဖူးသမျှထဲမှာ အခမ်းနားအကြီးကျယ်ဆုံး ဖြစ်လာနိုင်ပါတယ်။ ဘီဇော့စ်က ဗင်းနစ်မြို့က ဇီမ်ခံဟိုတယ်ကြီး နဲ့ ရေပေါ်တက်စီ water taxis တွေ အပြတ်ငှားထားပြီး တချို့နေရာနဲ့ လမ်းတွေကို မင်္ဂလာဆောင်အတွက် ယာယီပိတ်တာ ၊ လုံခြုံရေးတင်းကြပ်တာတွေ လုပ်ထားလို့ပါ။
မင်္ဂလာပွဲကိုလည်း သူဌေးတွေက ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးတွေ ၊ ဇိမ်ခံသင်္ဘောတွေနဲ့ လာကြမှာပါ။ မင်္ဂလာပွဲက ဇွန်လ ၂၄ ရက် ဆန်ဂျော်ဂျီယိုမက်ဂီယားကျွန်းမှာ ကျင်းပမှာ ဖြစ်ပြီး သုံးရက်ကြာမယ်လို့ ဆိုပါတယ်။ မင်္ဂလာဆောင်စရိတ်ကိုတော့ ဒေါ်လာ ၁၀ သန်းဝန်းကျင် ကျသင့်မယ်လို့ တွက်ထားပါတယ်။
ဘီဇော့စ်ရဲ့ မင်္ဂလာဆောင်ကို ဗင်းနစ်မြို့ခံတွေကတော့ လက်မခံ ကန့်ကွက်ဆန္ဒပြဖို့ ပြင်နေပါတယ်။ ကမ္ဘာလှည့်ခရီးသွားအများဆုံး လာတဲ့ ရာသီမှာ အခုလို ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာက မြို့ကို အပိုင်စီးသလို လုပ်တာကို မြို့ခံတွေက မကျေနပ်ကြတာပါ။ ပိုက်ဆံသုံးပြီး ဗင်းနစ်ကို "သူဌေးတွေရဲ့ ကစားကွင်း" လုပ်ပစ်တာလို့လည်း ပြောနေကြပါတယ်။
ဆန္ဒပြမယ့်သူတွေကတော့ အခုမင်္ဂလာပွဲကြောင့် ကာဗွန်ထုတ်လွှတ်မှု မြင့်တက်ပြီး ဗင်းနစ်ရဲ့ ဂေဟစနစ်ဝန်းကျင်ကို ထိခိုက်နိုင်မယ်လို့လည်း ဆိုပါတယ်။ အဓိကအချက်က နှစ် ၁၀၀၀ သမိုင်းရှိတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မြို့မှာ အခုလို တခမ်းတနားပွဲကြီးတွေ ကျင်းခွင့်ပေးတာ မြို့သိက္ခာထိတယ်ဆိုပြီး ဝေဖန်ကြတာပါ။
အသက် ၆၁ နှစ်အရွယ် သူဌေးကြီး ဘီဇော့စ်ဟာ အရင်အိမ်ထောင် မက္ကင်ဇီစကော့နဲ့ လမ်းခွဲခဲ့ပြီးနောက် ကလေးနှစ်ယောက်အမေ ဟောလီဝုဒ်အေးဂျင့် ပက်ထရစ် ဝှိုက်ဆဲလ်ရဲ့ ဇနီးဟောင်း လော်ရန်ဆန်းချက် (၅၅နှစ်) နဲ့ လက်တွဲခဲ့ပြီး ၂၀၂၃ မေလထဲမှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
သူဌေးကြီး ဘီဇော့စ်က ဆန်းချက်နဲ့ လက်မထပ်ခင် သူပိုင်ဆိုင်တဲ့ ဒေါ်လာ ၂၂ ဘီလျံ ကြွယ်ဝချမ်းသာမှုကို ကာကွယ်ဖို့ မင်္ဂလာမဆောင်ခင် ပိုင်ဆိုင်မှု ဘယ်လိုခွဲမယ် / အခန့်မသင့်လို့ ကွဲရင် အိမ်ထောင်စရိတ် ဘယ်လိုဘယ်လောက်ထောက်ပံ့မယ် စတာတွေ ပါတဲ့ တင်ကြိုသဘောတူညီချက် Prenup စာချုပ်ကို အပြီးသတ်နိုင်ဖို့လည်း လုပ်နေတယ်လို့လည်း ဆိုပါတယ်။

image