မိတ္တီလာကပျောက်ဆုံးနေတဲ့ ၉ နှစ်အရွယ်ကျောင်းသူလေးကို ပုပ်ပွသေဆုံးပြီးပြန်တွေ့
ဇွန် - ၁၁ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ် ၊ကွက်ငယ်အုပ်စု
စံပြဒဟတ္တန်းကျေးရွာက ပျောက်ဆုံးနေတဲ့ ၃ တန်း ကျောင်းသူ ကလေးမလေးကို ပျောက်ဆုံးတာ ငါးရက်မြောက်ဖြစ်တဲ့ ဒီနေ့ ဇွန် ၁၁ ရက်နေ့မှာ အသက်သေဆုံးလျက် အလောင်းကိုပဲ ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။
ကျောင်းသူကလေးမလေးရဲ့ ရုပ်အလောင်းကို စံပြဒဟတ္တန်းကျေးရွာရဲ့ သုဿန်အနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကလေးကိုသတ်ပြီး ပလပ်စတစ်အိတ်နဲ့ထုတ်ပိုးကာ စွန့်ပစ်ထားတဲ့အခြေအနေမျိုးတွေ့ရပြီး အလောင်းမှာ ပုပ်ပွနေပြီဖြစ်တယ်လို့သိရပါတယ်။
" ဆိတ်ကျောင်းတဲ့သူက အပုတ်နံ့ရလို့သွားကြည့်တော့အထုတ်လေးတထုပ်တွေ့တယ်ဆိုတာနဲ့ သွားဖြေကြည့်တော့ လူသေချာတာနဲ့ စခန်းဖုန်းဆက်လိုက်တာ။ ရွာရဲ့ သုဿန်ရဲ့မြောက်ဘက်က တောစပ်လေးကတွေ့တာပါ။ ကလေးကိုပလပ်စတစ်အိတ်နဲ့ထုတ်ထားတာ။ အတိကျမပြောနိုင်ပေမယ့် ဒီနေရာကိုပြန်လာပြီးပစ်ထားတဲ့ပုံစံဖြစ်နေတယ်။ နေ့ခင်းပိုင်းကပစ်ဖို့မလွယ်ဘူး။ ပစ်ရင်ညပိုင်းလောက်ပဲ ပစ်လို့ရမယ်။ အလောင်းကအပုပ်နံ့ထွက်ပြီး လောက်တောင်တက်နေတော့ သူတို့မပစ်နိုင်သေးလို့တနေရာရာမှာဖွက်ထားပြီး ခုမှလာပစ်တဲ့ပုံစံပါ။ ကလေးမလေးဆိုတာသိအောင်အောင် အလောင်းထုပ်ဘေးမှာကွန်ပါဘူးနဲ့ ဖိနပ်ကိုချထားပေးတယ်။" လို့ ရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။
အဆိုပါ ကလေးမလေးဟာ အသက် ၉ နှစ်အရွယ်သာရှိပြီး လက်ရှိရွာမှာ အဖွားဖြစ်သူနဲ့နေထိုင်တာဖြစ်ကြောင်း ၊ ပျောက်ဆုံးတဲ့နေ့ ဇွန်လ ၇ ရက်နေ့ညနေပိုင်း ၄ နာရီလောက်မှာ နေအိမ်ကနေ ကစားဖို့ထွက်သွားရာကနေ အိမ်ကိုပြန်ရောက်မလာတော့ဘဲ ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
" ပျောက်တဲ့နေ့ကလည်း ညပိုင်းအထိ တရွာလုံးရှာကြတယ်။ဘနောက်ရက်လည်း ဆွေမျိုးတွေကရှာကြတယ်မတွေ့ဘူး။ ဒီနေ့မှအလောင်းတွေ့ရတာပေါ့။" လို့ အုပ်ချုပ်ရေးမှူး ကထပ်မံပြောပါတယ်။
လက်ရှိမှာ ကလေးမလေးရဲ့ရုပ်အလောင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က မိတ္တီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုပြုလုပ်နေကြောင်းနဲ့ လူသတ်ပြီးအလောင်းစွန့်ပစ်တဲ့ တရားခံကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
အရင် မေလတုန်းကလည်း ပဲခူးမြို့မှာ နေအိမ်ကနေ ပျောက်ဆုံးသွားတဲ့ Grade 7 ကျောင်းသား အသတ်ခံရပြီး အလောင်းကို စွန့်ပစ်ခံခဲ့ရမှုဖြစ်ပွားခဲ့ကာ တရားခံတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
လက်ရှိမှာ တိုင်းနဲ့ပြည်နယ်ရှိ မြို့နယ်အချို့မှာ ကလေးငယ်တွေ၊ လူငယ်လူရွယ်တွေ ပျောက်ဆုံးမှုတွေ ဖြစ်ပွားမှု များပြားလာနေပါတယ်။
ပျောက်ဆုံးသူတွေအနက် အသက်ရှင်လျက်တွေ့ရှိသူတွေရှိသလို အသက်သေဆုံးလျက်သာပြန်တွေ့ရသူတွေလည်း ရှိနေပြီး အချို့မှာ လချီကြာတဲ့အထိ ပျောက်ဆုံးနေဆဲသူတွေပင် ရှိနေပါတယ်။
