#နိုင်ငံတကာသတင်း
◼လော့စ်အိန်ဂျလိစ်ဆန္ဒပြပွဲများ အခြားအမေရိကန်မြို့များသို့ပါကူးစက်လာ၊ ဒီမိုကရေစီစနစ်ထိုးနှက်ခံနေကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးပြော
ရွှေ့ပြောင်းနေထိုင်သူများအား လိုက်လံဖမ်းဆီးမှုများကြောင့် ဖြစ်ပေါ်လာသော ဆန္ဒပွဲများကို နှိမ်နင်းရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၄၀၀၀ နှင့် မရိန်းတပ်သား ၇၀၀ စေလွှတ်သည့် ထရန့် ၏ ထူးခြားသော အစီအစဉ်က လော့စ်အိန်ဂျလိစ်မြို့တွင် ငါးရက်မြောက်နေ့ ဆန္ဒပြပွဲများအား မီးစာမြှင့်ပေးခဲ့ပြီး အခြား အမေရိကန်မြို့ကြီး အများအပြားသို့လည်း ဆန္ဒပြပွဲများ ကူးစက်သွားစေခဲ့သည်။
ဒီမိုကရေစီစနစ် ထိုးနှက်တိုက်ခိုက်ခံနေရကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ချိန်မှာပင် သမ္မတဒေါ်နယ်ထရန့်၏ အမိန့်အရ အမေရိကန်စစ်ဘက်မှ မရိန်းတပ်ဖွဲ့ရာပေါင်းများစွာသည် ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် အမေရိကန်၏ ဒုတိယအကြီးဆုံး လော့စ်အိန်ဂျလိစ်မြို့သို့ ရောက်ရှိလာခဲ့ပြီး တင်းမာမှုများကို ပို၍မြင့်တက်လာစေခဲ့သည်။
ထို့နောက် အမေရိကန်နိုင်ငံတစ်ဝန်းအခြားမြို့ကြီးများသို့လည်း ဆန္ဒပြပွဲများ ပျံ့နှံ့သွားပြီး ယင်းတို့အနက် ဒါးလက်စ်၊ အော်စတင်၊ ချီကာဂို၊ တက္ကဆက် နှင့် နယူးယောက်တို့တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၀၂၈ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲဝင်ရန် ရည်မှန်းချက်ရှိသော ပြည်နယ်အုပ်ချုပ်‌ရေးမှူး ဂေဗင်နယူဆမ်နှင့် သမ္မတထရန့်တို့ အပြန်အလှန်ထိုးနှက်နေကြစဉ် လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကာရင်ဘတ်စ် က ဆန္ဒပြပွဲများမှာ မြို့လယ်ရှိ လမ်းငါးလမ်းခန့်မှာသာ ဖြစ်ပေါ်နေကြောင်း ပြောကြားသည်။
သို့သော်လည်း အကြမ်းဖက်မှုနှင့် လုယက်ဖျက်ဆီးမှုများကြောင့် မစ္စက်ကာရင်က ယင်းဧရိယာတွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကိုမှတ်ခဲ့သည်။
ယမန်နေ့တွင် ရဲတပ်ဖွဲ့ က လူပေါင်း ၁၉၇ ဦးကို ဖမ်းဆီးလိုက်ပြီး ယခင်နေ့ရက်များက ဖမ်းဆီးထားသူစုစုပေါင်း၏ နှစ်ဆဖြစ်ကြောင်း သိရသည်။
ဒီမိုကရက်တစ်ခေါင်းဆောင်များကလည်း ထရန့်၏ လုပ်ရပ်များကြောင့် အမျိုးသားအကျပ်အတည်းဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဖွင့်ဟပြောကြားနေကြသည်။
လက်ရှိသမ္မတတစ်ဦး၏ ပြောင်ပြောင်တင်းတင်း အာဏာအလွဲသုံးစားလုပ်မှုများကြောင့် ပေါက်ကွဲလွယ်သော အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း နှင့် မိမိတို့၏ ရဲတပ်ဖွဲ့ ၊ပြည်သူလူထု နှင့် အမျိုးသားအစောင့်တပ်များကိုပင် အန္တရာယ်ဖြစ်စေခဲ့ကြောင်း မစ္စတာ နယူဆမ် က ရုပ်သံ မိန့်ခွန်းတွင် ပြောကြားသည်။
“ သူက အရှိန်မြှင့်ဖို့ကို ရွေးချယ်ခဲ့ပါတယ်။ သူက အင်အားသုံးဖို့ ရွေးချယ်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ လုံခြုံရေးထက် ဇာတ်နာအောင်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီ က တိုက်ခိုက်ခံနေရပါတယ်” ဟု နယူဆမ် က ပြောကြားသည်။
ထို့အတူနယူဆမ် အား ဖမ်းဆီးသင့်သည်ဟု ဒေါ်နယ်ထရန့်ကလည်း ပြောကြားခဲ့သည်။
အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်ပြန်ပို့မည်ဟူသော ကတိကဝတ်နှင့်အတူ ဒုတိယအကြိမ် သမ္မတဖြစ်လာခဲ့သော ဒေါ်နယ်ထရန့်က တပ်ဖွဲ့များ စေလွှတ်ရန် ၎င်း၏ ဆုံးဖြတ်ချက်ကို စစ်သားများအား ဂုဏ်ပြုသော အခမ်းအနားတစ်ခု၌ ပြောကြားသည့် မိန့်ခွန်းတွင် ကာကွယ်ပြောဆိုခဲ့သည်။
မိမိတို့နိုင်ငံအား ကျူးကျော်မှု ၊ တတိယကမ္ဘာပုံစံ ဥပဒေမဲ့မှုများဖြင့် ပျက်စီးသွားသည်ကို မြင်တွေ့ရရန် စစ်တပ်သူရဲကောင်း မျိုးဆက်ပေါင်းများစွာက နိုင်ငံရပ်ခြား၌ သွေးမြေကျခံခဲ့ခြင်း မဟုတ်ကြောင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဖို့တ်ဘရက်ဂ် စစ်စခန်းမှ တပ်ဖွဲ့များအား ထရန့်က ပြောကြားသည်။
ကယ်လီဖိုးနီးယားတွင် မြင်တွေ့နေရသည်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် အမျိုးသား အချုပ်အခြာအပေါ် တင်းပြည့်ကျပ်ပြည့် တိုက်ခိုက်မှုဖြစ်ပြီး ၎င်းတို့ကို နိုင်ငံခြားအလံများကိုင်ထားသည့် အဓိကရုဏ်းဖန်တီးသူများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ထရန့် က ပြောကြားပြီး “ လော့စ်အိန်ဂျလိစ်ကို လွတ်မြောက်အောင်လုပ်မယ်” ဟု ကြွေးကြော်ခဲ့သည်။
ပြင်းထန်လာသော လူဝင်မှုကြီးကြပ်ရေးစီးနင်းမှုများအတွင်း ဖမ်းဆီးခံရသော ရွှေ့ပြောင်းနေထိုင်သူများနှင့် သွေးစည်းမှုပြသရန် ဆန္ဒပြသူများက မက္ကဆီကို နှင့် အခြားနိုင်ငံ့ အလံများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်သူများအား ယခုအခါ တစ်ရက်လျှင် ၂၀၀၀ ခန့် ဖမ်းဆီးနေ‌ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီဌာန ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန ( ICE ) က တနင်္လာနေ့တွင် ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters/AP

image