#နိုင်ငံတကာသတင်း
◼အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲများထရန့် နှင့် ရှီတို့ အတည်ပြုရမည့် အစီအစဉ်ဖြင့် အဆုံးသတ်
ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံကြားက ကုန်သွယ်ရေးတင်းမာမှုများအား လျော့ပါးလာစေရေး မူဘောင်တစ်ခုအား ၎င်းတို့ မူအားဖြင့် သဘောတူခဲ့ကြကြောင်း လန်ဒန်မြို့တွင် နှစ်ရက်ကြာ အပြင်းအထန် ဆွေးနွေးပြီးနောက် အမေရိကန် နှင့် တရုတ် က ပြောကြားကြသည်။
၎င်းတို့ကြား ရရှိခဲ့သော အစီအစဉ်အား သမ္မတဒေါ်နယ်ထရန့် နှင့် သမ္မတရှီကျင့်ဖျင်တို့က အတည်ပြုရန် ပြန်လည်တင်ပြကြမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက ပြောကြားသည်။
ယင်းသဘောတူညီချက်သည် မြေရှားသတ္တုများ နှင့် သံလိုက်များအပေါ် ကန့်သတ်မှုများအား ဖြေရှင်းပြီးသား ဖြစ်သင့်ကြောင်း အမေရိကန်စီးပွားကူးသန်းဝန်ကြီး ဟောင်းဝါ့ဒ်လတ်နစ် က ပြောကြားသည်။
ခေတ်သစ်နည်းပညာများတွင် မရှိမဖြစ်သော မြေရှားသတ္တုများအား နိုင်ငံခြားတင်ပို့မှုကို တရုတ်ဘက် က ကန့်သတ်ထားသည့် အကြောင်းအရာမှာ ဆွေးနွေးပွဲအစီအစဉ်၌ ထိပ်ဆုံးက ပါဝင်ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
ကုန်သွယ်ရေး အခွန်များနှင့် ပတ်သက်၍ ယာယီအပစ်ရပ်မှုကို ဝါရှင်တန် နှင့် ပေကျင်းတို့က ပြီးခဲ့သည့်လအတွင်း သဘောတူခဲ့ကြသော်လည်း ယင်းသဘောတူညီမှုကို ချိုးဖောက်ကြောင်း အပြန်အလှန်စွပ်စွဲခဲ့ကြသည်။
စမတ်ဖုန်းများမှ လျှပ်စစ်ကားများအထိ ခေတ်မီပစ္စည်းအားလုံး ထုတ်လုပ်ရာ၌ မရှိမဖြစ်သော မြေရှား သတ္တုများနှင့်သံလိုက်များအား နိုင်ငံခြားတင်ပို့မှု ခွင့်ပြုရာတွင် တရုတ်ဘက်က နှေးကွေးကြောင်း အမေရိကန် က ပြောကြားသည်။
တစ်ဖက်တွင်လည်း အမေရိကန်က ဉာဏ်ရည်တုနည်းပညာနှင့်ဆက်စပ်သော တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အခြားအမေရိကန်နည်းပညာများအား တရုတ်အတွက် ကန့်သတ်ထားခဲ့သည်။
ဂျီနီဗာတွင် ရရှိခဲ့သော ယေဘူယျသဘောတူညီချက်အတွက် မူဘောင်တစ်ခုကို မိမိတို့ သဘောတူခဲ့ကြကြောင်း ကန်စီးပွားကူးသန်းဝန်ကြီး လတ်နစ် က ပြောကြားပြီး ယင်းကို သမ္မတ နှစ်ဦး က သဘောတူခဲ့ပါက အကောင်အထည် ဖော်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့အကြား ဖုန်းခေါ်ဆိုမှုရှိခဲ့ပြီးနောက် ယခုနောက်ဆုံး လန်ဒန်ဆွေးနွေးပွဲ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဂျီနီဗာဆွေးနွေးပွဲတွင် ရရှိခဲ့သော ယေဘူယျသဘောတူညီချက် နှင့် ဇွန်လ ၅ ရက်က ခေါင်းဆောင်နှစ်ဦးကြား ဖုန်းခေါ်ဆိုမှုတွင် ရရှိခဲ့သော ယေဘုယျသဘောတူညီချက် များကိုအကောင်အထည်ဖော်ရန် မူဘောင်တစ်ခုကို နှစ်ဖက်စလုံးက မူအားဖြင့် သဘောတူခဲ့ကြကြောင်း တရုတ်ဒုတိယကုန်သွယ်ရေးဝန်ကြီး လီချန်ဂန်း ကလည်း ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
