#ကင်ပွန်းချဥ်ရွက် အစာလည်းဆေး ဆေးလည်း အစာ
၁။ အဓိကပါဝင်သော အာဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်သည်။ ထိုဓာတ်က ခန္ဓာကိုယ်တွင်းသို့ အာဟာရဓာတ်များပို့ဆောင်ရေး၊ မလိုလားအပ်သော အညစ်အကြေးများကို ဆီး၊ ချွေးအဖြစ်ဖြင့် ခန္ဓာကိုယ်ပြင်ပသို့ ပြန်လည်စွန့်ထုတ်ရေး၊ ခန္ဓာကိုယ်၏ အပူအအေးကို အစဉ်မျှတစေရန် ထိန်းသိမ်းပေးရေးစသည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ပေးနိုင်ပါသည်။
၂။ ပူ၍အချဉ်ဓာတ်ရှိသော အရွက်များက အပူကြောင့်ဖြစ်တတ်သော အခိုးအကင်းကို ငြိမ်းစေနိုင်သဖြင့် ဆောင်း ရာသီဓာတ်စာအဖြစ် စားသုံးသင့်ပါသည်။
၃။ ဆီးရောဂါအမျိုးမျိုးအတွက် လတ်လတ်ဆတ်ဆတ် ကင်ပွန်းချဉ်ရွက်အရည်(သတ္တုရည်)ကို သောက်သုံး သင့်ပါသည်။
၄။ အရွက်ပြုတ်ရည်က အဆီကျဆေး၊ ခံတွင်းပျက်ခြင်းအတွက် နှုတ်မြိန်ဆေးများအဖြစ် အသုံးတည့်လှသည်။
၅။ လေဖျဉ်းရောဂါသည်များအတွက် ကင်ပွန်းချဉ်ရွက်ကို ငါးခူ၊ ငါးကြင်းသားတို့ဖြင့် ချက်စားပါ။
၆။ သည်းခြေရောဂါသည်များအတွက် ကင်ပွန်းချဉ်ရွက်နှင့် ငါးစင်ရိုင်း သို့မဟုတ် ငါးတန်က ဆေးဖက်ဝင်သည်။
၇။ အိမ်ထောင်ရှင်များ သုက်ကိုပွားစေဖို့အတွက် ကင်ပွန်းချဉ်ရွက်ကို ငါးခူ၊ ငါးကျည်း၊ ငါးကြင်းတို့ဖြင့် မကြာခဏ ချက်စားပေးနိုင်သည်။
၈။ ကင်ပွန်းချဉ်ရွက်ကို ငါးကျည်း၊ ငါးစင်ရိုင်း၊ ငါးကြင်း၊ ငါးတန် စသည့်ငါးများဖြင့် ရောချက်စားခြင်းက ပန်းနာနှင့် ချွဲသလိပ်ရောဂါသည်များအတွက် အကျိုးအာနိသင်ပိုစေပါသည်။
၉။ ကင်ပွန်းချဉ်ရွက်ကို ငါးခုံးမနှင့်ချက်စားပါက အိပ်မပျော်၊ စားမဝင်ရောဂါ၊ သုက်အားနည်း၊ သုက်ခန်းရောဂါတို့ကို ပျောက်စေသည်။ သွေးကို သန့်စင်စေပါသည်။ ပန်းနာရောဂါရှိသူများနှင့်လည်း အထူးသင့်တော်ပါသည်။
၁၀။ ငါးရံ့ သို့မဟုတ် ငါးဖယ် သို့မဟုတ် ငါးဖန်းမနှင့် ချက်စားပါက အစာမကြေရောဂါ၊ သုက်အားနည်းရောဂါတို့ကို ပျောက်ကင်းစေသည်။
၁၁။ ကင်ပွန်းချဉ်ရွက်ကို ဖလံတောင်ဝှေးဖြင့် ရောကြော်စားပါ။ ဆံပင်ဖြူခြင်းနှင့် သွေးဆုံးကိုင်ဝေဒနာကို သက်သာ စေပါသည်။
၁၂။ လေပွ(ဗိုက်ပွ)ခြင်းအတွက် ကင်ပွန်းချဉ်ရွက်အနုကိုခြေ၍ ရေအေးဖြင့် စိမ်သောက်ပါ (ရေခဲရေမဟုတ်ပါ)။ ထို့ပြင် ကင်ပွန်းချဉ်ရွက် အနုအရင့်တို့ကိုကြိတ်၍ ခပ်နွေးနွေးအပူပေးပြီး ကျောအောင့်ကျောနာသည့် နေရာကို ကျပ်စည်း ပေးပါ၊ ကျပ်ထုပ်ထိုးပေးပါ။ ဝမ်းပျော့ပျော့သွားလိမ့်မည် မကြောက်ပါနှင့်။
၁၃။ သွေးဆုံးကိုင်ရောဂါအတွက် ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက်စားပေးပါ။
၁၄။ ဆီးချိုရောဂါသည်များ ကင်ပွန်းချဉ်ရွက်ပြုတ်ရည်သောက်ပါ။
၁၅။ အရွက် ရေနွေးဖြောရည်ကို ဌက်ဖျားရောဂါအတွက် သောက်သုံးပေးနိုင်ပါသည်။
၁၆။ အရွက်နုလေးများကို ငရုတ်ကောင်းရည်တွင်စိမ်၍ ဆား၊ မန်ကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး အသည်း ရောင်အသားဝါနှင့် သည်းခြေရောဂါတို့အတွက် တိုက်ကျွေးပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။
၁၇။ ဖျဉ်းစွဲရောဂါအတွက် အရွက်နုများကို ညဉ့်သိပ်ရေစိမ်ပြီးသောက်ပါ။
ကင်ပွန်းချဉ်နှင့် အသားအရေကျန်းမာရေး
သွေးကြောင့်ဖြစ်တတ်သော မျက်နှာပေါ်က တင်းတိပ်များကို အထူးပြေပျောက်စေပါသည်။
မြန်မာ့ဆေးကျမ်းအရ ကင်ပွန်းချဉ်ရွက်က သူမတူအောင် တင်းတိပ်ကို ကောင်းကျိုးပြုနိုင်ကြောင်း ဆိုထားသည်။ ထို့ကြောင့် ကင်ပွန်းချဉ်ရွက်ကို အကြော်၊ ဟင်းချို၊ ချဉ်ဟင်းစသည်ဖြင့် မကြာခဏအမျိုးမျိုး လုပ်စားပေးပါ။
သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်တစ်ဆုပ်စာခန့်ကို သဘာဝထန်းလျက် အမည်းရောင် ခုနစ်လုံးခန့်နှင့် သုံးခွက်တစ်ခွက်တင်ကျို၍ ဆားအနည်းငယ်ခပ်သောက်ပေးပါ။ ထိုဆေးရည်ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေနွေးကြမ်းပန်းကန်လုံး ပမာဏခန့် နေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင် ပျောက်ကင်းသွားနိုင်ပါသည်။
ကင်ပွန်းချဉ်ရွက်ရင့်ရင့် လက်တစ်ဆုပ်စာပမာဏကို ဖုန်၊ အညစ်အကြေးကင်းအောင် ရေစင်စင်ဆေးပါ။ ၎င်းရေများကို ကုန်စင်အောင် ခါထုတ်ပြီး ကြိတ်စက်ဖြင့်ကြိတ်ပါ ရလာသော ကင်ပွန်းချဉ်ရွက်အရည်(သတ္တုရည်)ကို တင်းတိပ်ပေါ် လိမ်းပေးပါ။ ခြောက်သွားလျှင် ထပ်ခါထပ်ခါ လိမ်းပေးနိုင်ပါသည်။
သတိပြုရန်
အစာအိမ် အချဉ်ပေါက်၍ မကြာခဏ လေချဉ်တက်တတ်သူများ ကင်ပွန်းချဉ်ရွက်ကို ရှောင်ပါ။
Crd ပေါက်ပေါက် ကျန်းမာရေး
Crd photo
