ဖက်ဖယ်ရွက် ကိုယ်တိုင်စိုက်စားကြရအောင်..
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
ဖက်ဖယ်ရွက်လို့ ဆိုလိုက်ရင် အရင်ကတော့ သိသူနည်းလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ တိုင်းရင်းသားရိုးရာအစားအသောက်တွေနဲ့အတူ တွဲသိလာကြသလို စီးတီးမတ်တွေမှာလည်း ဝယ်ယူ ရရှိနိုင်နေပါပြီ။
သူက စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ ငါးသံပုရာပေါင်း၊ ငါးကင်ရဲ့ ဗိုက်ထဲမှာ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကုလားနံနံ၊ ငရုတ်သီးစိမ်းတို့နဲ့ ရောထောင်းပြီး ထည့်ရတဲ့ ဟင်းခတ်အမွှေးအကြိုင်တမျိုးပါ။
ငါးကချင်ချက်တွေ၊ ငါးခူကာလသားဟင်းတွေမှာဆိုရင်တော့ မပါမဖြစ် အဓိက ဇာတ်လိုက်ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးအရဆိုရင်လည်း၊ အဆီကျခြင်း၊ ဝမ်းဖောခြင်း၊ အစာအိမ်လေနာခြင်း၊ ဓာတ်ချုပ်ခြင်း၊ သွေးလေမညီခြင်း စတဲ့ဝမ်းတွင်းရောဂါတွေကို သက်သာပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။
🌿မြန်မာအမည် = ဖက်ဖယ်ပင်
🌿အင်္ဂလိပ်အမည် = water pepper, marsh pepper
🌿သိပ္ပံအမည် = Persicaria hydropiper ( Syn;Polygonum hydropiper)
နာမည်နဲ့လိုက်အောင် ရေကြိုက်တဲ့အပင်မျိုးပါ။
ကန်နံဘေး၊ ကမ်းစပ်တွေမှာ အလေ့ကျ ပေါက်လေ့ရှိပါတယ်။
ရေကန်စွန်း၊ ကနဖော့ပင်တို့နဲ့ ဆင်ဆင်တူပါတယ်။
"ဖက်ဖယ်ပင်စိုက်ချင်ပါတယ်၊ ဘယ်လိုစိုက်ရမှန်းမသိလို့"
ဆိုတဲ့ အစိမ်းရောင်လမ်း ပရိတ်သတ်ထဲက မမများရဲ့တောင်းဆိုချက်အရ ... ဒီ ဆောင်းပါးလေးနဲ့ ဖြေကြားပေးလိုက်ပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
ကဲ...ဒီတော့...
ကိုယ့်အိမ်မှာ မိသားစုတွေအတွက် ငါးကာလသားဟင်း၊ ငါးကင်၊ ငါးသံပရာပေါင်း တွေအတွက် ဖက်ဖယ်ရွက်လေးကို အလွယ်တကူ ခူးချက်လိုက်ကြရအောင်..
စိုက်ပျိုးနည်း
ပထမဆုံး..
စျေးထဲက ဝယ်လာတဲ့ ဖက်ဖယ်ပင်တွေထဲက... အရိုးမာတဲ့ကိုင်းတွေကို အောက်ခြေအရွက်များ သပ်လိုက်ပါ။
ပြီးရင်..ရေခွက်ထဲမှာ ၃ လက္မခန့်မြုပ်အောင်စိမ်ထားပါ။
၃-၄ ရက်ကြာရင် အမြစ်လေးတွေထွက်လာပါမယ်။
🌿စိုက်တော့မယ်ဆိုရင်...
၃ ပေ × ၁၀ ပေ အကျယ်၊ ၆ လက္မအမြင့် သစ်သားပြားဘောင်ခတ်ထားပါ
ဘောင်ထဲကို သဘာဝမြေဆွေး ၃ ဆ၊ ဖွဲပြာ ၁ ဆ၊ သဲ ၁ ဆ ရောထည့်ပါ။
အိုး သို့မဟုတ် စည်ပိုင်းပြတ်နဲ့ ဆိုရင်လည်း၊ မြေဆွေး အပြည့်ထည့်ထားပါ။
အမြစ်ဖောက်ပြီး ပျိုးကိုင်းများကို တပင်နဲ့တပင် ၄ လက္မခန့်ခြားပြီး ၄၅ ဒီဂရီ စောင်းစိုက်ပါ။
မနက်ခင်းတိုင်း ဆန်ဆေးရေ လောင်းပေးနိုင်ပါတယ်။
အကယ်၍... အညွန်သစ်လေးတွေမှာ ပျပိုးလေးတွေ ကျခဲ့ရင်...
ပိုးသတ်ဆေး လုံးဝမဖျန်းပါနဲ့နော်.. 🛑
မီးဖိုပြာကို ရေစိမ်ပြီး အပေါ်ယံ ရေကြည်နဲ့ ဖျန်းပေးတာပဲလုပ်လိုက်ပါ။
စိုက်ပြီး ၄၅ ရက်ဆိုရင် အရွက်လေးတွေ ခူး၊ ငါး၊ ကြက်၊ ဝက် အသားဟင်းတွေမှာ ကြိုက်သလိုအသုံးပြုပြီးအရသာရှိတဲ့ ဟင်းအမည်တွေကို ချက်ပြုတ်သုံးဆောင်နိုင်ပါပြီ..။
