မြောက်ကိုရီးယားမှာ နျူကလီးယားစက်ရုံသစ် တည်ဆောက်နေတယ်လို့ အိုင်အေအီးအေ သတိပေး
ဗီယင်နာ၊ ဇွန်-၁၁-၂၀၂၅
မျိုးဆက်(VOM)
မြောက်ကိုရီးယားဟာ နိုင်ငံအနောက်မြောက်ပိုင်း ညောင်ဗြွန်းတွင် နျူကလီးယားနဲ့ပတ်သက်တဲ့ စက်ရုံသစ် တည်ဆောက်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) ကပြောပါတယ်။
ကန်ဆွန် နျူကလီးယားသန့်စင်ရေးစက်ရုံနဲ့ ဆင်တူတဲ့အရွယ်အစား၊ အသွင်အပြင်တွေရှိတဲ့ စက်ရုံသစ်ကို ညောင်ဗြွန်းမှာတည်ဆောက်နေတာကို အေဂျင်စီအနေနဲ့ စောင့်ကြည့်နေတယ်လို့ အိုင်အေအီးအေ ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရော့ဆီက ပြောပါတယ်။
ညောင်ဗြွန်းမှာ အပေါ့စားနျူကလီးဓါတ်ပေါင်းဖိုတခုလည်း လည်ပတ်နေပြီး မြောက်ကိုရီးယားဟာ နျူကလီးယားသန့်စင်မှုလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ အရိပ်လက္ခာတွေ့ရတယ်လို့ အိုင်အေအီးအေ ဘုတ်အဖွဲ့အစည်းအဝေးမှာ သူကပြောပါတယ်။
နျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်လေ့ရှိတဲ့ ပန်ဂိုင်ရီမှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲမတွေ့ရသေးဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ နျုကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချိုးဖောက်နေတာလို့ အိုင်အေအီးအေ အကြီးအကဲက ဝေဖန်ပြောဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နျူကလီးယားထုတ်လုပ်ရေးစခန်းနဲ့ နျူကလီးယားစက်ရုံတွေကို မကြာသေးခင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းစာက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ဟာ ယခုနှစ်မှာကုန်ဆုံးမှာဖြစ်ပြီး နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်တွေကို ကင်ဂျုံအန်က ညွှန်ကြားခဲ့တယ်လို့ ဖော်ထြပားပါတယ်။
Ref:NHK

image