2 w - Translate

စာအုပ်အညွှန်း
Crooked Kingdom (2016)
'လူပါးပုလင်းထိ' ဆိုသလိုပဲ လည်လှပြီ၊ မွှတ်လှပြီဆိုတဲ့ လူဆိုးကောင်လေး Kaz Brekker ဟာ အရင်စာအုပ် Six of Crows ရဲ့ အဆုံးမှာ အကြီးအကျယ် အလိမ်ခံလိုက်ရပါတယ်။ အလိမ်လည်းခံရ၊ သူရသင့်တဲ့ ပိုက်ဆံလည်းမရ၊ သူ့မြို့ထဲကိုလည်း ပြန်ဝင်လို့ မရတဲ့အချိန်မှာ Kaz ဘာဆက်လုပ်မလဲ။
အရင်လိုပါပဲ။ သူ့ရဲဘော်ရဲဘက် ငါးယောက်နဲ့အတူ သူဆုံးရှုံးခဲ့ရသမျှကို ပြန်ရနိုင်ဖို့ အကြံအစည် အကြီးကြီးတွေ၊ ရိုးရိုးသာမန်လူ မစဉ်းစားရဲမယ့်၊ စိတ်မကူးရဲမယ့် ဧရာမ ထောင်ချောက်ကြီးတွေဆင်ပြီး တစ်ရပ်ကွက်လုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကိုပါ အရူးလုပ် မွှေနှောက်ပါလိမ့်မယ်။ အဲ့လောက်ရူးနှမ်းတဲ့ အကြံအစည်ကြီးတွေ အောင်မြင်မလား၊ ကျရှုံးမလား ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရတာက ဒီစာအုပ်ရဲ့ အရသာပါပဲ။
ဇာတ်ကောင်လေးတွေရဲ့ အန္တရာယ်‌ ပိုများလာတဲ့ အခြေအနေတွေ၊ ပိုရှုပ်ထွေးလာတဲ့ ချစ်သူကြား၊ သူငယ်ချင်းကြား၊ သားသမီးနဲ့ မိဘကြား၊ ဆရာနဲ့တပည့်ကြား ဆက်ဆံရေးတွေကြောင့်လည်း စာဖတ်သူစိတ်ထဲ ဒီဇာတ်ကောင်တွေကို ပိုပြီး သံယောဇဉ် ငြိတွယ်လာပါလိမ့်မယ်။
အရင်တစ်အုပ်မှာ မသိခဲ့ရတဲ့ Jesper ရဲ့ ငယ်ဘဝအကြောင်းတွေ၊ Wylan ရဲ့ သနားစရာ အဖြစ်တွေကလည်း ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲ ထိခိုက်စေတဲ့ ဇာတ်လမ်းလေးတွေပေါ့။
တစ်ခုရှိတာကတော့ ဒီ Crooked Kingdom က သူ့ရှေ့က Six of Crows ထက် ဇာတ်လမ်းပိုရှုပ်ပါတယ်။ Six of Crows မှာတုန်းက သူတို့မစ်ရှင်က တစ်ခုတည်းပဲ၊ လိုချင်တဲ့ပစ္စည်းကို ရအောင်ခိုးဖို့။
Crooked Kingdom မှာကျ အလုပ်ကိစ္စကတစ်မျိုး၊ ပုဂ္ဂိုလ်ရေး လက်စားချေချင်တာတွေက တစ်ဖက်၊ နိုင်ငံရေး၊ စီးပွားရေး လှည့်ကွက်တွေက တစ်သွယ်နဲ့ ဇာတ်ကြောင်းတွေက သုံးကြောင်းလောက် ပူးပြီးလိမ်နေတော့ နည်းနည်းလေး မျက်စိပိုရှုပ်ပါတယ်။ ဒါပေမယ့် ဖတ်မရလောက်အောင်တော့ မဟုတ်ပါဘူး။
နိဂုံးချုပ်ရရင် Six of Crows က အရမ်းကောင်းခဲ့တဲ့ ဟင်းတစ်ခွက်ဆို Crooked Kingdom က အရသာရှိလှတဲ့ အချိုပွဲလေးပါပဲ။
ဒီစာအုပ်အတွက် ကိုယ့်ရဲ့ rating ကတော့ 4.5/5 ပါ။
Crooked Kingdom (2016)

image