2 ပတ် - ဘာသာပြန်ပါ။

ဒီနေ့ခေတ်မှာ ဘွဲ့ရလူငယ်တွေ အလုပ်ခွင်ဝင်တဲ့အခါ အရင်ကနဲ့မတူတဲ့ စိန်ခေါ်မှုကြီးတစ်ခုကို ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကတော့ Artificial Intelligence (AI) ရဲ့ တိုးတက်ပြောင်းလဲလာမှုပါပဲ။
“ကျွန်တော်တို့ရဲ့ အလုပ်တွေကို AI က တကယ်ပဲ နေရာဝင်ယူနိုင်မှာလား” ဆိုတဲ့မေးခွန်းဟာ အခုဆိုရင် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းထဲက မဟုတ်တော့ဘဲ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝထဲကို ဝင်ရောက်လာနေပါပြီ။
အထူးသဖြင့် ရုံးတွေမှာရှိတဲ့ အခြေခံအဆင့် (entry-level) အဖြူရောင်ကော်လံအလုပ်တွေဟာ AI ရဲ့ သက်ရောက်မှုကို အရင်ဆုံးခံစားနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအလုပ်တွေမှာပါဝင်တဲ့ တာဝန်အများစုဟာ ထပ်တလဲလဲလုပ်ရတဲ့၊ ပုံသေနည်းဆန်တဲ့ အလုပ်တွေဖြစ်နေလို့ပါပဲ။
ဥပမာ:
- Data အချက်အလက်တွေ ထည့်သွင်းတာ၊ စီမံခန့်ခွဲတာ
- ကွန်ပျူတာ code အခြေခံတွေရေးတာ၊ ပြင်ဆင်တာ
- ဥပဒေဆိုင်ရာ အထောက်အထားတွေ ရှာဖွေစုစည်းတာ
- အီးမေးလ်တွေ စီစစ်တာ၊ အစည်းအဝေးအချိန်ဇယားတွေညှိတာလိုမျိုး စီမံခန့်ခွဲမှုဆိုင်ရာ အသေးစားအလုပ်တွေ
အရင်က လူတွေ အချိန်ပေးလုပ်ခဲ့ရတဲ့ ဒီလိုအလုပ်တွေကို AI က အခုဆိုရင် ပိုမြန်မြန်ဆန်ဆန်၊ ပိုတိတိကျကျနဲ့ ကုန်ကျစရိတ်သက်သာစွာ လုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။
ဒီအပြောင်းအလဲကို စာရင်းဇယားတွေကလည်း သက်သေပြနေပါတယ်။ အမေရိကန်မှာဆိုရင် မကြာသေးမီက ဘွဲ့ရခဲ့တဲ့လူငယ်တွေရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၅.၈% အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေရဲ့ CEO တွေကတောင် လာမယ့် ၅ နှစ်အတွင်းမှာ အခြေခံအဆင့်အလုပ်တွေရဲ့ ထက်ဝက်လောက်အထိ AI က အစားထိုးသွားနိုင်တယ်လို့ သတိပေးပြောကြားထားပါတယ် ။ ကုမ္ပဏီအများအပြားဟာ “AI-first” ဆိုတဲ့ မူဝါဒကို ကျင့်သုံးလာကြပြီး အလုပ်တစ်ခုကို လူမခန့်အပ်ခင် AI နဲ့ လုပ်ဆောင်နိုင်မလားဆိုတာကို အရင်ဆုံး စမ်းသပ်လာကြပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့အားလုံး စဉ်းစားရမယ့် အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ အခြေခံအဆင့်အလုပ်တွေဆိုတာ လူငယ်တစ်ယောက်အတွက် လုပ်ငန်းအတွေ့အကြုံရဖို့၊ သင်ယူတိုးတက်ဖို့နဲ့ အသက်မွေးဝမ်းကျောင်းလမ်းကြောင်းကို တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ “ပထမဆုံးလှေကားထစ်” တစ်ခုပါပဲ။
ဒီလှေကားထစ်တွေ ပျောက်ကွယ်သွားတဲ့အခါ အနာဂတ်အတွက် ကျွမ်းကျင်ပညာရှင်တွေကို ဘယ်လိုမွေးထုတ်ကြမလဲဆိုတဲ့ မေးခွန်းက ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် AI ဟာ အလုပ်အကိုင်ဈေးကွက်ကို ပြောင်းလဲစေတယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမဲ့ ဒါဟာ အဆုံးသတ်တော့မဟုတ်ပါဘူး။
ဒီအပြောင်းအလဲက ကျွန်တော်တို့ကို ကျွမ်းကျင်မှုအသစ်တွေဖြစ်တဲ့ စူးစမ်းချင်စိတ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်မှု (resilience) တို့ကို ပိုတန်ဖိုးထားတတ်ဖို့ တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်။
အစားထိုးခံရမှာကို စိုးရိမ်နေရုံသက်သက်ထက်၊ ဒီနည်းပညာသစ်နဲ့အတူ ဘယ်လိုပူးပေါင်းလုပ်ဆောင်ပြီး ကိုယ့်ရဲ့တန်ဖိုးကို ပိုမြင့်မားတဲ့နေရာတွေမှာ အသုံးချမလဲဆိုတာကို ပြင်ဆင်ထားဖို့က အရေးကြီးဆုံးဖြစ်ကြောင်း သတိပေးလိုက်ပါရစေ။

image