စာမေးပွဲကာလ တရုတ်ကုမ္ပဏီတွေ AI tools များ ယာယီပိတ်ထား
စာမေးပွဲကာလ အရက်ဆိုင်ပိတ်သလိုပါပဲ။ တရုတ်က နည်းပညာကုမ္ပဏီတွေလည်း Gaokao စာမေးပွဲကာလမှာ သူတို့ AI features တွေ ယာယီပိတ်ထားပါတယ်။
ကမ္ဘာ့အခက်ဆုံး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ gaokao စာမေးပွဲက အစစ်အဆေးကြမ်းသလို အောင်ဖို့ အလွန်ခက်တယ်လို့ နာမည်ကြီးပါတယ်။ gaokao မှာ အမှတ်မြင့်မြင့်နဲ့ အောင်မှ တရုတ်ရဲ့ ထိပ်တန်းတက္ကသိုလ်တွေ တက်နိုင်ပြီး အနာဂါတ်လမ်း သာမှာကြောင့် အပြိုင်အဆိုလည်း အလွန်မြင့်ပါတယ်။
ဖိအားများတဲ့ ဒီစာမေးပွဲက ဇွန် ၇ ရက်ကနေ ၁၀ ရက်အထိ တရုတ်နိုင်ငံတလွှားမှာ ကျင်းပမှာပါ။ စာမေးပွဲမှာ စာခိုးမချနိုင်အောင် စာဖြေစင်တာတွေမှာ AI နည်းပညာသုံး စောင့်ကြည့်မှုတွေ ၊ ဇီဝ ID စစ်ဆေးမှုတွေနဲ့ အချက်ပြလှိုင်း ဖြတ်စက်တွေ သုံးပြီး ကြီးကြပ်ပါတယ်။ ဒီနှစ်က ကျောင်းသား ၁၃ သန်းကျော် စာမေးပွဲဝင်မှာပါ။
Gaokao စာမေးပွဲကာလမှာ တရုတ် AI ကုမ္ပဏီကြီးတွေကလည်း သူတို့ AI features တွေကို ခဏပိတ်ထားပါတယ်။ Alibaba ၊ ByteDance ၊ Tencent စတဲ့ အထိကရတရုတ်ကုမ္ပဏီကြီးတွေက ကျောင်းသားတွေ AI သုံးပြီး စာခိုးလို့မရအောင် chatbot features တွေ ပိတ်ထားတာပါ။
တရုတ်ရဲ့ နာမည်ကျော် DeepSeek ၊ Qwen ၊ Doubao စတဲ့ AI apps တွေကလည်း ဓါတ်ပုံကို ဖတ်ရှုနိုင်တဲ့ photo-recognition နဲ့ မေးခွန်းတွေ ဖြေပေးနိုင်တဲ့ question-answering tools တွေ ပိတ်ထားဦးမှာပါ။
