2 ပတ် - ဘာသာပြန်ပါ။

ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်ရန်မှာကြား
ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့် စက်ရုံများအနေနဲ့ လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ် ဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက မှာကြားခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၈ ရက် နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှထုတ်လုပ်လျက်ရှိတဲ့ ဘိလပ်မြေများ စမ်းသပ်စစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စက်စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ လိုအပ်သော စက်အရန်ပစ္စည်းများနှင့် သွင်းအားစုများကို ကြိုတင်စုဆောင်းထားရန်နှင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်သာ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်။

ဆက်လက်ပြီး သာစည်မြို့နယ်၊ ပြည်ညောင်ရှိ အပါချီဘိလပ်မြေစက်ရုံ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စက်ရုံအနေဖြင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နေပြီး ပိုလျှံလျှပ်စစ် ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားပေးစနစ်သို့ ပို့လွှတ်ပေးနေရာ နိုင်ငံတော်အတွက် များစွာအကျိုးရှိ၍ အလေးထားဆောင်ရွက်ရန် မှာခဲ့ကြားပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း က ဇွန်လ ၇ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၌ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှတာဝန်ရှိသူများ၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)နှင့် ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှဝန်ထမ်းများ၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး၊ အလုပ်ရုံတာဝန်ခံများကို သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

အဆိုပါတွေ့ဆုံစဉ်မှာ မန္တလေးငလျင်ကြီးကြောင့် လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လမ်း၊ တံတား၊ သာသနိက အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကာ ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီတဲ့ သံစိမ်းကုန်ကြမ်းများ အရေးကြီးလိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် အရည်အသွေးပြည့်ဝသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိများ အသုံးပြုနိုင်ရေးအတွက် သံစိမ်း ထုတ်လုပ်ခြင်းလုပ်ငန်းများကို အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

image