#နိုင်ငံတကာသတင်း
◼ယူကရိန်းမြို့တော် ကိဗ်အား ရုရှားက ဒရုန်းတိုက်ခိုက်
ရုရှားက ယူကရိန်းအား ဒရုန်းများဖြင့် အချိန်ကြာ တိုက်ခိုက်ခဲ့ရာ လူနှစ်ဦးသေ ဆုံးပြီး မြို့တော်ကိဗ်မှ နေရာအများအပြားလည်း ပျက်စီးခဲ့ကာ နိုင်ငံတောင်ပိုင်း အိုဒက်ဆာပြည်နယ်မှ သားဖွားဆောင်တစ်ခုလည်း ထိမှန်ခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။
ယမန်နေ့က ယူကရိန်းအပေါ် အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာသော ရုရှားတို့၏ ညဘက်တိုက်ခိုက်မှုများတွင် အထက်ပါ ထိခိုက်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယင်းစစ်ဆင်ရေးအားလုံးမှာ ရုရှားနိုင်ငံအတွင်း ယူကရိန်းတို့၏ ရဲတင်းသော ဒရုန်းတိုက်ခိုက်မှုများအပေါ် လက်စားချေသော စစ်ဆင်ရေးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
မြို့တော်၏ စုစုပေါင်း ခရိုင် ဆယ်ခုအနက် ခုနှစ်ခုအပေါ် ကျရောက်ခဲ့သော နာနီနှင့်ချီ တိုက်ခိုက်မှုများအတွင်း အနည်းဆုံး လူ လေးဦးကို ဆေးရုံတင်ခဲ့ရကြောင်း မြို့တော်အရာရှိများက ပြောကြားသည်။
“အကြမ်းဖက်မှု နဲ့ ယူကရိန်းကို ရိုက်ချိုးလို့ မရပါဘူး”ဟု သမ္မတ ဇီလန်စကီး၏ အရာရှိချုပ် အန်ဒရေးယာမက် က တိုက်ခိုက်မှုအပြီး တယ်လီဂရမ်ပို့စ်တွင် ပြောသည်။
ရုရှားအပေါ် တားဆီးပိတ်ဆို့မှုများ ပိုမိုတင်းကျပ်ရန်နှင့် ယူကရိန်းအား လေ ကြောင်းကာကွယ်ရေးများဖြင့် အားဖြည့်ပေးရန် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေးဆိုင်ဟီဘာက လည်း ပြောသည်။
ကိဗ်နှင့်အခြားယူကရိန်းဒေသအများအပြားတွင် လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံများ နံနက် ၅ နာရီအထိ ငါးနာရီကြာနီးပါး မြည်နေခဲ့ကြောင်း စစ်ဘက်အချက်အလက်များအရသိရသည်။
အားလုံးအတွက် ခက်ခဲသော ည တစ်ည ဖြစ်ခဲ့ကြောင်း၊ ရန်သူက တစ်ညလုံး ဒရုန်းတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်ခဲ့ကြောင်း၊ အရပ်ဘက်အခြေခံအဆောက်အဦးများ နှင့် မြို့တော်မှ ပြည်သူများကိုပါ ရန်သူက ပစ်မှတ်ထားခဲ့ကြောင်း ကိဗ် စစ်ဒေသအကြီးအကဲ တီမာချာချင်ကို က တယ်လီဂရမ်ပေါ်တွင် ပြောကြားသည်။
တယ်လီဂရမ်ချန်နယ်များတွင် တင်ထားသော ဓာတ်ပုံ နှင့် ဗီဒီယိုများတွင် နံနက်အရုဏ်တက် ချိန်၌ ကိဗ်မြို့မှ မတူညီသောနေရာများမှ မီးခိုးလုံးကြီးများ တက်လာနေသည်ကို မြင်တွေ့ရပြီး တိုက်ခိုက်မှုအတိုင်းအတာကို လတ်တလော မသိရသေးပေ။
ထိုအတောအတွင်း တောင်ပိုင်း အိုဒက်ဆာဆိပ်ကမ်းမြို့ပေါ်သို့ ညဘက်တွင် လုပ်ဆောင်ခဲ့သည့် ကြီးမားသော ဒရုန်းတိုက်ခိုက်မှုများအတွင်း ဆေးဘက်ဆိုင်ရာ အရေးပေါ် အဆောက်အဦးတစ်ခု၊ သားဖွားဆောင်တစ်ခု နှင့် အခြားလူနေအဆောက်အဦးများ ပစ်မှတ်ထားခံခဲ့ရကြောင်း အိုဒက်ဆာဒေသ အုပ်ချုပ်ရေးမှူး အိုလေးကစ်ပါ က တယ်လီဂရမ်တွင် ရေးသားသည်။
ယင်းတိုက်ခိုက်မှုအတွင်း အမျိုးသားနှစ်ဦး သေဆုံးပြီး အခြားလူ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။
သားဖွားဆေးရုံမှ လူနာများနှင့်ဝန်ထမ်းများအား ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပြည်နယ် အုပ် ချုပ် ရေးမှူးက ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
