စင်ကာပူ အလံတင် ကုန်တင်သင်္ဘော မီးလောင်မှု မြန်မာအပါဝင် လေးယောက် ပျောက်ဆုံး
ဒေလီ၊ ဇွန်-၁၀-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်း ကမ်းရိုးတန်းမှာ စင်ကာပူအလံတင် ကုန်တင်သင်္ဘော တစင်း မီးလောင်မှုမှာ သင်္ဘောသား ၁၈ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး မန်ဂါလူရူဆိပ်ကမ်းမြို့ ဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်အတွင်း ထိုင်ဝမ်နှစ်ယောက်၊ မြန်မာတယောက်နဲ့ အင်ဒိုနီးရှား သင်္ဘောအမှုထမ်းတယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သင်္ဘောသာ ၁၈ ယောက်ကို ကယ်တင်နိုင်ခဲ့ရာမှာ ထိုင်ဝမ်နှစ်ယောက် ၊ မြန်မာနိုင်ငံသားနှစ်ယောက်နဲ့ အင်ဒိုနီးရှားတယောက်တို့ မီးလောင်ဒဏ်ရာတွေရရှိခဲ့ပြီး အင်ဒိုနီးရှားသင်္ဘောအမှုထမ်းကတော့ သတိလစ်နေပါတယ်။
Wan Hai 503 သင်္ဘောဟာ စနေနေ့ညနေပိုင်းမှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုကနေ ခုတ်မောင်းလာခဲ့ပြီး ဒီကနေ့မှာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းကို ရောက်ဖို့ စီစဉ်ထားပါတယ်။ မီးလောင်မှုဖြစ်ပွားပြီးနောက် အိန္ဒိယကမ်းခြေစောင့်တပ်ဟာ ကီရာလာကမ်းရိုးတန်း အနောက်မြောက်ဘက် ရေမိုင် ၁၃၀ အကွာမှာ အရေးပေါ် ကယ်ဆယ်ရေးတွေ အမြန်လုပ်ဆောင်ခဲ့ပါတယ်။
အိန္ဒိယရေတပ်သင်္ဘော INS Surat အခင်းဖြစ်ရာကို မရောက်ခင် ကမ်းခြေစောင့်တပ်ယာဉ်လေးစင်း စေလွှတ်ခဲ့ပြီး အခြေအနေတွေကို အကဲဖြတ်ဖို့နဲ့ အရေးပေါ် ထောက်ပံ့ကူညီရေးပစ္စည်းတွေ ချပေးဖို့ ရဟတ်ယာဉ်လည်း စေလွှတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

imageimage