2 w - Translate

ဆန်နှင့် ပဲမျိုးစုံ အပါအဝင် ပို့ကုန်အမယ်အချို့ကို အလိုအလျောက်လိုင်စင်စနစ်ဖြင့် ခွင့်ပြုမည်
ရန်ကုန်၊ ဇွန် ၁၀
စိုက်ပျိုးရေးထွက်ကုန် ပို့ကုန်အမယ်အချို့ ပြည်ပတင်ပို့မှုအတွက် အလိုအလျောက်လိုင်စင် (Automatic Licensing) စနစ်နဲ့ ခွင့်ပြုပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ဇွန်လ ၉ ရက်နေ့ထုတ် သတင်းလွှာမှာ ဖော်ပြထားပါတယ်။
ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုသည့်စနစ် (Non- Automatic Licensing) ကနေ အလိုအလျောက်လိုင်စင်စနစ်နဲ့ ပြောင်းလဲခွင့်ပြုတာလို့ ဆိုပါတယ်။
ကုန်သွယ်ရေးဉီးစီးဌာနအနေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ စနစ်တကျဆောင်ရွက်နိုင်စေဖို့ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တင်ပို့တဲ့ ကုန်စည်အားလုံးကို ပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်ပို့ခွင့်ပြုနေတာပါ။
Automatic Licensing စနစ်က ပို့ကုန်/သွင်းကုန်လိုင်စင်တွေကို ကုန်သွယ်ရေးဦးစီးဌာနက စိစစ်ဖို့မလိုဘဲ စနစ်က အလိုအလျောက် လိုင်စင်ထုတ်ပေးတာဖြစ်ပြီး Non-Automatic Licensing စနစ်က လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ် ဖြစ်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ အလိုအလျောက်လိုင်စင်စနစ်နဲ့ ခွင့်ပြုမယ့် ကုန်ပစ္စည်းအမျိုးအမည်တွေထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပဲမျိုးစုံ၊ ဆန်၊ ပြောင်း၊ နှံစားပြောင်း၊ ပန်းဂျုံနဲ့ ဆီထွက်သီးနှံတွေ ပါဝင်လာပါတယ်။
Non- Automatic Licensing စနစ်မှ Automatic Licensing စနစ်နဲ့ ပြောင်းလဲခွင့်ပြုမယ့်အထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပဲမျိုးစုံ ကုန်စည် ၅၈ လိုင်း၊ ဆန်၊ ပြောင်း၊ နှံစားပြောင်း၊ ပန်းဂျုံ ကုန်စည် ၂၅ လိုင်းနဲ့ ဆီထွက်သီးနှံ ကုန်စည် ၁၄ လိုင်း ခွင့်ပြုသွားမှာပါ။
အဆိုပါ HS Code 10 Digit နဲ့ ကုန်စည် ၉၇ လိုင်းကို Myanmar Tradenet 2.0 မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ စတင်ပြီး Automatic Licensing စနစ်နဲ့ သြဂုတ်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

image