ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ နေဝင်ချိန်ရောက်တဲ့အခါ ညနေကောင်းကင်ဟာ ရဲရဲနီတဲ့ အနီရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်စတဲ့ လှပတဲ့ အရောင်အသွေးတွေနဲ့ တောက်ပနေလေ့ရှိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဂြိုဟ်တစ်လုံးဖြစ်တဲ့ အင်္ဂါဂြိုဟ် ပေါ်မှာကျတော့ သူရဲ့နေဝင်ချိန်ရဲ့ ကောင်းကင်ကိုကြည့်နိုင်မယ်ဆိုရင် ကမ္ဘာနဲ့မတူပဲ အပြာရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလို ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တို့ရဲ့ နေဝင်ဆည်းဆာအရောင်တွေ ကွဲပြားခြားနားရတဲ့ အဓိကအကြောင်းရင်းကတော့ ဂြိုဟ်တစ်ခုချင်းစီရဲ့ လေထုဖွဲ့စည်းပုံနဲ့ သူတို့ဆီမှာပါဝင်တဲ့ အမှုန်အရွယ်အစားတွေ ပေါ်မှာ မူတည်နေတာကြောင့်ပါ။
ကမ္ဘာ့လေထုဟာ အင်္ဂါဂြိုဟ်ထက် ပိုမိုသိပ်သည်းပြီး အဓိကအားဖြင့် နိုက်ထရိုဂျင် (၇၈%) နဲ့ အောက်ဆီဂျင် (၂၁%) မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။
နေရောင်ခြည်ဟာ ကမ္ဘာ့လေထုကို ဖြတ်သန်းလာချိန်မှာ မူလရှိရင်းစွဲအဖြူရောင်အလင်းများ နဲ့ လေထုထဲက မောလီကျူး ၊အမှုန်များနဲ့ထိတဲ့အခါ အလင်းဖြန့်ကျက်ခြင်းဖြစ်ပေါ်ပါတယ်။
ဒီအခါ wavelength တိုတောင်းတဲ့ အပြာရောင်အလင်းတန်းများဟာ ကမ္ဘာလေထုမှာဖြန့်ကျက်သွားပြီး ကျန်ရှိတဲ့ အလင်းများဟာ ရှည်လျားတဲ့ wavelength အနီရောင်ဘက်သန်းတဲ့ အလင်းတန်းများအနေနဲ့ သာဝင်ရောက်လာပါတယ်။
ဒါကြောင့် နေ့ခင်းဘက်မှာ အပြာရောင်အလင်းတွေ ကောင်းကင်တစ်ခွင် ပြန့်ကျဲကုန်ပြီး ကမ္ဘာ့ကောင်းကင်က အပြာရောင်ဖြစ်နေတာပါ။
နေဝင်ချိန် ဒါမှမဟုတ် နေစထွက်ချိန် မှာ နေရောင်ခြည်ဟာ ကမ္ဘာ့လေထုကို ပိုမိုရှည်လျားတဲ့ လမ်းကြောင်း အတိုင်း ဖြတ်သန်းပြီးမှ ကျွန်တော်တို့ မျက်လုံးဆီကို ရောက်ရှိပါတယ်။ ဒီလို လမ်းကြောင်းရှည်ကြီး ဖြတ်သန်းလာတဲ့အခါမှာ လေထုထဲက လေမော်လီကျူးလေးတွေဟာ အပြာရောင်နဲ့ ခရမ်းရောင်အလင်းအများစုကို လုံးဝ ပြန့်ကျဲပစ်လိုက်ပြီး တခြားအရပ်မျက်နှာဘက်တွေကို ဖြန့်ထုတ်လိုက်ပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့ဆီ တိုက်ရိုက်ရောက်လာတဲ့ အလင်းရောင်က အနီရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင်လို လှိုင်းအလျားရှည်တဲ့ အလင်းတွေပဲ ကျန်ပါတော့တယ်။
ဒါကြောင့် ကမ္ဘာရဲ့ နေဝင်ချိန်တွေဟာ အနီရောင်သန်းနေရတာဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်ကိုတော့ Ray Leigh scattering ဖြစ်စဉ်လို့ခေါ်ပါတယ်။
အင်္ဂါဂြိုဟ်မှာ နေဝင်ချိန်ရောက်တဲ့အခါ နေအနားက ကောင်းကင်ပြင်ဟာ အပြာရောင် ဖျော့တော့တော့လေး ပေါ်နေတတ်ပြီး၊ ကျန်တဲ့ မိုးကုပ်စက်ဝိုင်းတစ်လျှောက်ကတော့ အဝါရောင် ဒါမှမဟုတ် လိမ္မော်ရောင်အဖြစ် တောက်ပနေတာကို တွေ့ရနိုင်ပါတယ်။
အင်္ဂါဂြိုဟ်ရဲ့ လေထုက ကမ္ဘာထက် အဆပေါင်းများစွာ ပါးလွှာ ပါတယ်။ အဓိကအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့နဲ့ ဖွဲ့စည်းထားပြီး၊ အရေးကြီးဆုံးကတော့ သံဓာတ်ကြွယ်ဝတဲ့ ဖုန်မှုန့် အနုစားလေးတွေ အများအပြား ပါဝင်နေတာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့လေထုထဲက လေမော်လီကျူးတွေက အလွန်သေးငယ်ပြီး အပြာရောင်ကို ပိုပြန့်ကျဲစေပေမယ့်၊ အင်္ဂါဂြိုဟ်က သံဓာတ်ပါတဲ့ ဖုန်မှုန့်လေးတွေ ကတော့ ကမ္ဘာ့လေမော်လီကျူးတွေထက် ပိုကြီးပါတယ်။
ဒီဖုန်မှုန့်လေးတွေဟာ အပြာရောင်အလင်းကို တခြားအရောင်တွေထက် ပိုမိုထိရောက်စွာ စုစည်းစေနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီး အပြာရောင်အလင်းကို နေရဲ့ ဦးတည်ရာ (နေနား) နားမှာပဲ စုစည်းနေစေပါတယ်။
အင်္ဂါဂြိုဟ်မှာ နေဝင်ချိန်ရောက်တဲ့အခါ နေရောင်ခြည်က သံဓာတ်ကြွယ်ဝနေတဲ့ဖုန်မှုန့်များတဲ့ လေထုကို ဖြတ်သန်းရပါတယ်။ အဲဒီအခါမှာ အပြာရောင်လှိုင်းအလျား (wavelengths) တွေဟာ အခြားအရောင်တွေထက် ပိုမိုထိရောက်စွာ ဖောက်ဝင်နိုင်ပြီး နေဝင်ချိန်မှာတော့ အပြာရောင်အလင်းဟာ နေနဲ့ပိုနီးတဲ့ ကောင်းကင်တစ်စိတ်တစ်ပိုင်းမှာ စုစည်းပေါ်သွားပြီး အင်္ဂါဂြိုလ်ပေါ်က ကျန်တဲ့ ကောင်းကင်ပြင်ကတော့ နေရောင်ခြည်ဖြတ်သန်းမှုနည်းတဲ့အတွက် အဝါရောင် သို့မဟုတ် လိမ္မော်ရောင် ဖျော့တော့တော့လေး ဖြစ်နေတတ်တာပါ။
အခုလို ဖြစ်စဉ်ကိုတော့ Mie scattering လို့ခေါ်ပါတယ်။
ဒီလို အင်္ဂါဂြိုလ်ပေါ်က အပြာရောင် နေဝင်ဆည်းဆာ မြင်ကွင်းတွေကို အင်္ဂါဂြိုဟ်ပေါ်က စူးစမ်းရေးယာဉ်တွေဖြစ်တဲ့ Spirit , Opportunity နဲ့ Perseverance တို့ကလည်း မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာဆိုရင် Perseverance စူးစမ်းရေးယာဉ်ဟာ ထင်ရှားတဲ့ အပြာရောင် အလင်းဝိုင်း (blue halo) နဲ့အတူ နေဝင်ဆည်းဆာတစ်ခုကို အောင်မြင်စွာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒီလို ကွဲပြားတဲ့ နေဝင်ဆည်းဆာ အရောင်အသွေးတွေဟာ ဂြိုဟ်တစ်ခုစီရဲ့ လေထုက နေရောင်ခြည်နဲ့ ဘယ်လို အပြန်အလှန်ဆက်စပ်တယ်ဆိုတာကို ပြသနေတဲ့ သိပ္ပံပညာရဲ့ လှပတဲ့ သက်သေခံချက်တွေပဲ ဖြစ်ပါတယ်။
