2 ပတ် - ဘာသာပြန်ပါ။

လာမည့်ဒီဇင်ဘာလတွင် မြိုနယ် ၃၃၀ အနက် မြိုနယ်ပေါင်း ၂၆၇ မြိုနယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပရန်ရည်မှန်းထားသည့် ရွေးကောက်ပွဲအား ကျင်းပမည့်ရက်ကို ထုတ်ပြန် ကြေညာပြီးသည့်အချိန်တွင် ဖြစ်ပေါ်လျက်ရှိသည့် နယ်မြေဒေသ လုံခြုံရေး အခြေအနေအရ ကျင်းပနိုင်မည့်မြို့နယ် များနှင့် ကျင်းပခြင်းမရှိနိုင်သည့် မြို့နယ်များဟူ၍ ခွဲခြားကြေညာသွားမှာဖြစ်ပြီး လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းဇယား များအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ်သိရှိနိုင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ စနစ်ကိုလည်း ယခင်ကျင်းပခဲ့သည့် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) အပြင် အချိုးကျ ကိုယ်စားပြုစနစ်(PR)ကိုလည်း အသုံးပြုမည့်ဖြစ်ရာ စနစ် ၂ မျိုးလုံးကို ဆောင်ရွက် မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ မဲပေးခြင်းစနစ်ကို MEVM စက်များအသုံးပြု၍ ဆောင်ရွက်သွားမှာဖြစ်ပြီး စမ်းသပ်မဲပေးခြင်းများကို နေပြည်တော်ရှိ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တက္ကသိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ၉ ခုတို့အပြင် နိုင်ငံရေးပါတီများနဲ့လည်း စမ်းသပ်ဆောင်ရွက် ခဲ့ပြီးဖြစ်ကာ မဲပေးသူကိုယ်တိုင် စိစစ်နိုင်အောင် ဆောင်ရွက်ထားပြီး စမ်းသပ်မှုများအရ ရလဒ်မှားယွင်းမှုမရှိကြောင်း ထုတ်ပြန်ထားရှိပါတယ်။

မဲပေးစက် တွင် Internet၊ Wifi၊ Bleutooth စသည့် Wireless စနစ်များ ထည့်သွင်းတပ်ဆင်ထားခြင်းမရှိသလို ကွန်ပျူထားကဲ့သို့ (OS) စနစ်လည်း ပါဝင်ခြင်းမရှိဘဲ Microcontroller စနစ်ဖြစ်တဲ့အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသော စနစ် ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ စံချိန်စံညွှန်း (၂၀၁၄)နှင့်အညီ မဲပေးစက်၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားအဆင့် ထောက်ခံအသိအမှတ်ပြုလွှာရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။

ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း အပိုင်းလိုက်ကျင်းပရန်လျာထားပြီး ကျင်းပမည့်ရက်များကို ထုတ်ပြန် သတ်မှတ်ပေးမှာဖြစ်ရာ နယ်မြေဒေသအခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီး/ ပြည်နယ်များအားလုံးတွင် ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန်လျာထားကြောင်း သိရပါတယ်။

ထည့်သွင်းကျင့်သုံးမည့် ရွေးကောက်ပွဲစနစ် ၂ မျိုးနှင့်အညီ တိုင်းဒေသကြီးနဲ့ ပြည်နယ်များတွင် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များကို သတ်မှတ်ပေးသွားပြီး နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင် နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူများအနေနဲ့လည်း မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားတဲ့ မဲရုံများတွင် မဲပေးနိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အား မီဒီယာတစ်ခုမှ မေးမြန်းလာတဲ့ မေးခွန်းများအပေါ် ဖြေကြားချက်အရ သိရှိ ရတာဖြစ်ပြီး မဲပေးစနစ်က လွတ်လပ်ပြီးတရားမျှတမယ့် MEVM စက်နဲ့ မဲပေးရမယ့် အပြင် အထူးသဖြင့် အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များကို အားပြုတဲ့ တိုင်းရင်းသားပါတီများအနေနဲ့ PR စနစ်ပါဝင်တဲ့အတွက် မဲဆန္ဒနယ်အလိုက် မဲအရေ အတွက် ရရှိမှုအပေါ်မူတည်တဲ့အတွက် မဲအနည်းငယ်ကပ်ရှုံးကာ လွှတ်တော်အမတ်နေရာလက်လွှတ်ရတဲ့ အားနည်းချက်ကို ကျော်လွှားကာ အင်အားကြီးပါတီတွေရဲ့ ဖိအားဒဏ်က လျော့နည်း စေမှာဖြစ်ပါတယ်။

ဆန္ဒမဲမြို့နယ် ၃၃၀ ရှိတဲ့အနက် ၂၆၇ မြို့နယ်မှာ ကျင်းပနိုင်ဖို့ ပြင်ဆင်ထားကြောင်း သိရတဲ့အတွက် နိုင်ငံတစ်ဝှမ်း မဲဆန္ဒနယ်မြေရဲ့ ၈၀ ဒသမ ၉ ရာခိုင်နှုန်း ကျင်းပနိုင်မှာဖြစ်ပါတယ်။

image