#နိုင်ငံတကာသတင်း
◼သဘောတူထားသော နယ်စပ်စခန်းများဆီ ပြန်ဆုတ်မည်ဟု ထိုင်းနှင့်ကမ္ဘောဒီးယားပြော
ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သော ပစ်ခတ်မှုဖြစ်ပွားကာ နှစ်ဖက် စစ်အင်အား ဖြည့်တင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ၎င်းတို့တပ်ဖွဲ့များကို ယခင်နယ်စပ်စခန်းများဆီသို့ ပြန်လည်ထားရှိရန် ထိုင်းနှင့်ကမ္ဘောဒီးယားတို့က သ ဘောတူလိုက်ကြကြောင်း ကမ္ဘောဒီးယားကာကွယ်‌ရေးဝန်ကြီးဌာနက အ တည်ပြုပြောကြားသည်။
မေ ၂၈ ရက်က နယ်ခြားမျဉ်းမသတ်မှတ်ရသေးသော နေရာမှ ဖြစ်ရပ်အပြီး တင်းမာမှုလျော့ပါးရေး နှစ်ဖက်ဆွေးနွေးနေကြကြောင်း နှင့် ၂၀၂၄ ခုနှစ် က သဘောတူခဲ့သော စခန်းများသို့ ပြန်ဆုတ်ကြမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဖန်သမ်ဝီချာယာချိုင် က ပြောကြားခဲ့ပြီးနောက် တင်းမာမှုများ လျော့ပါးရေးကို နှစ်ဖက်စလုံးက ဆန္ဒရှိခဲ့ကြကြောင်းပါ ‌ဖော်ပြထားသည့် ကမ္ဘောဒီးယားထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းအရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံက ရက်ပေါင်းများစွာပင် ငြိမ်းချမ်းစွာ အဖြေရှာလိုကြောင်း ကတိပြုထားသော ပြောကြားချက်များကို ထုတ်ပြန်ခဲ့ကြသည်။
တစ်ဖက်တွင်လည်း စစ်အင်အားဖြည့်တင်းမှုများကို မည်မျှအတိုင်းအတာအထိ တိုးမြှင့်ထားသည်ကို နှစ်ဖက်စလုံးက အသေးစိတ်မပြောကြပေ။
မိုင်ပေါင်း ၅၀၈ မိုင် ရှည်လျားသော နယ်စပ်တစ်လျှောက် ပြည်နယ်ခုနစ်ခုတွင် နယ်စပ်ဂိတ်ပေါင်း ၁၇ ခုကို ဖွင့်လှစ်နေကြောင်း ထိုင်းအစိုးရ အချက်အလက်များက ပြသနေသည်။
နှစ်နိုင်ငံကြားတွင် ကမ္ဘောဒီးယားအား ၎င်းတို့၏ကိုလိုနီအဖြစ် အုပ်ချုပ်နေစဉ် ပြင်သစ်က ရေးဆွဲခဲ့သော မြေပုံသာရှိပြီး နယ်စပ်မျဉ်း မသတ်မှတ်ရသေးသော နေရာများတွင် အချုပ်အခြာအငြင်းပွားနေသည်မှာ နှစ်ပေါင်း တစ်ရာကျော်လာခဲ့ပြီဖြစ်သည်။
ဇွန်လ ၁၄ ရက် ပူးတွဲနယ်စပ်ကော်မတီတွေ့ဆုံမှုအပါအဝင် နှစ်ဖက်ကြားဆွေး နွေးမှုများဖြင့် နယ်စပ်ကိစ္စကို အပြည့်အဝဖြေရှင်းနိုင်မည်ဟု နှစ်နိုင်ငံစလုံးက မျှော်လင့်ထားကြောင်း ထိုင်းကာကွယ်‌‌ရေးဝန်ကြီး ဖွန်သမ် က ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံခြား‌‌ရေးဝန်ကြီးဌာနကမူ ၎င်းတို့က ဇွန် ၆ ရက်တွင် ထိုင်းအရာရှိများထံ ပေးပို့သော စာတွင် ဖော်ပြခဲ့သည့်အတိုင်း နယ်စပ်အငြင်းပွားမှုကို နိုင်ငံတကာတရားရုံး( ICJ ) ထံ တင်ပြရေးကို ထပ်မံဖော်ပြခဲ့သည်။
အငြင်းပွားမှုများ၏ အကဲဆတ်မှု၊ သမိုင်းဝင် သဘောသဘာဝ နှင့် ရှုပ်ထွေးမှုများကြောင့် နှစ်ဖက်ဆွေးနွေးမှု သက်သက်ဖြင့် ကျယ်ပြန့်၍တာရှည်ခံသော အဖြေရရှိမည်မဟုတ်ဆိုခြင်းမှာ ပိုမို ထင်ရှားလာကြောင်း ကမ္ဘောဒီးယားနိုင်ငံခြား‌ရေးဝန်ကြီး ပရက်ဆိုခွန်း က ယမန်နေ့တွင် သတင်းထောက်များကို မျှဝေခဲ့သော မှတ်စုတွင် ပြောကြားသည်။
ထိုင်းအစိုးရကမူ ယင်းတရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်း နှင့် နယ်စပ်ကိစ္စအားလုံးကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ ဖြေရှင်းရန် အဆိုပြုထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image