#end
Neptune ရဲ့ မျက်နှာပြင်မှာ တိုက်ခတ်နေတဲ့ လေထုမုန်တိုင်းကြီးများ ကတော့ သူ့ရဲ့ထူးခြားချက်တွေထဲက တစ်ခုပါ။ နေအဖွဲ့အစည်းတစ်ခုလုံးမှာ အမြန်ဆုံးလေတိုက်နှုန်း (တစ်နာရီလျှင် မိုင် ၁,၃၀၀ ကျော်) တွေနဲ့ မုန်တိုင်းကြီးတွေ တိုက်ခတ်လေ့ရှိပါတယ်။
ဒီလေထုမုန်တိုင်းတွေဟာ ဂြိုဟ်၏ လည်ပတ်မှုနှင့် အတွင်းပိုင်းအပူရှိန်တို့ကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆရပါတယ်။
ဒီမုန်တိုင်းတွေကို ကြီးမားတဲ့ အမည်းရောင်အစက်အပြောက်ကြီးတွေအဖြစ် မြင်တွေ့နိုင်ပြီး "Great Dark Spot" (ကြီးမားသော အမှောင်အစက်) လိုမျိုး နာမည်ကြီး မုန်တိုင်းကြီးတွေလည်း ရှိခဲ့ဖူးပါတယ်။
Neptune မှာ "Small Dark Spot" နဲ့ "Scooter" လိုမျိုး တခြားအမှောင်ကွက်တွေလည်း တွေ့ရှိရပြီး ၎င်းတို့သည်လည်း မုန်တိုင်းစနစ်များ ဖြစ်ကြသည်။
Neptune ရဲ့ လေထုထဲမှာ "Diamond Rain" (စိန်မိုး) ရွာသွန်းနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ သူ့ရဲ့ အတွင်းပိုင်း ဖိအားနဲ့ အပူချိန် အလွန်မြင့်မားတဲ့အတွက် မီသိန်းဓာတ်ငွေ့ထဲက ကာဗွန်အက်တမ်တွေဟာ စိန်အဖြစ်သို့ ပြောင်းလဲပြီး မိုးအဖြစ် ရွာသွန်းနိုင်ခြေရှိတယ်လို့ သီအိုရီအရ တွက်ချက်ထားကြပါတယ်။
Neptune မှာ ကွင်းများ (Rings) လည်းရှိပါတယ်။ သို့သော် Saturn (စနေဂြိုဟ်) ရဲ့ ကွင်းတွေလို တောက်ပထင်ရှားခြင်းမရှိဘဲ မှိန်ဖျော့တဲ့ ကွင်း ၅ ကွင်း ရှိပါတယ်။
ဒီကွင်းတွေကို "Adams," "Le Verrier," "Galle," "Lassell," နဲ့ "Arago" လို့ နာမည်ပေးထားပါတယ်။ အဆိုပါကွင်းတွေဟာ ရေခဲမှုန်တွေ၊ ဖုန်မှုန့်တွေနဲ့ ကျောက်စိုင်ငယ်လေးတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆရပါတယ်။ အထူးခြားဆုံးကတော့ ကွင်းတွေထဲမှာ အချို့နေရာတွေမှာ "Arcs" လိုမျိုး ပိုမိုသိပ်သည်းတဲ့ အပိုင်းလေးတွေ ရှိနေခြင်းပါပဲ။ဆိုလိုတာက ring တစ်ချိူ့နေရာလေးတွေမှာ တပြေးညီထဲမဟုတ်ပဲ အခုံးလေးတွေဖြစ်နေတာပါ။
Neptune ကို ပထမဆုံး မြင်တွေ့ခဲ့ရတာကတော့ ၁၈၄၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ မှာ ဂျာမန်နက္ခတ္တဗေဒပညာရှင် Johann Galle နဲ့ Urbain Le Verrier တို့က တယ်လီစကုပ်နဲ့ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နေအဖွဲ့အစည်းထဲမှာ သင်္ချာနည်းအရ တွက်ချက်ပြီးမှ ရှာဖွေတွေ့ရှိခဲ့တဲ့ တစ်ခုတည်းသော ဂြိုဟ် ဖြစ်ပါတယ်။
Uranus (ယူရေးနပ်စ်) ဂြိုဟ်ရဲ့ ပတ်လမ်းမှာ မှန်းဆမရတဲ့ မူမမှန်မှုတွေကြောင့် အခြားဂြိုဟ်ကြီးတစ်လုံးက ဆွဲအားသက်ရောက်နေတယ်လို့ ယူဆပြီး တွက်ချက်ရှာဖွေခဲ့ကြခြင်း ဖြစ်ပါတယ်။
Neptune ကို အနီးကပ် စူးစမ်းလေ့လာနိုင်ခဲ့တဲ့ တစ်ခုတည်းသော အာကာသယာဉ်ကတော့ NASA ရဲ့ "Voyager 2 (ဗွိုင်ယေဂျာ ၂)" ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့ မှာ Voyager 2 ဟာ Neptune ကို အနီးကပ်ပျံသန်းလေ့လာခဲ့ပြီး သူ့ရဲ့ ဂြိုဟ်ရံလတွေ၊ ကွင်းတွေနဲ့ လေထုအကြောင်း အဖိုးတန်အချက်အလက်များစွာကို ပြန်လည်ပေးပို့ခဲ့ပါတယ်။ Voyager 2 ရဲ့ ပုံရိပ်တွေကြောင့်သာ Neptune ရဲ့ လှပတဲ့ နက်ပြာရောင်ကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရခဲ့တာပါ။
လက်ရှိအချိန်မှာတော့ Neptune ကို စူးစမ်းလေ့လာနေတဲ့အာကာသယာဉ် မရှိသေးပါဘူး။ အနာဂတ်မှာ Neptune နဲ့ သူ့ရဲ့ထူးခြားတဲ့ ဂြိုဟ်ရံလ Triton ကို အသေးစိတ်လေ့လာဖို့ "Neptune Orbiter" သို့မဟုတ် "Triton Hopper" လိုမျိုး မစ်ရှင်အသစ်တွေ စေလွှတ်ဖို့ NASA က ပညာရှင်တွေက စဉ်းစားနေကြပါတယ်။
Neptune ကို ဘယ်လိုမြင်ရမလဲ ?
Neptune ဟာ နေနဲ့အဝေးဆုံးမှာရှိတာကြောင့် သာမန်မျက်စိနဲ့ မြင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
အလွန်ကောင်းမွန်တဲ့ တယ်လီစကုပ်တွေနဲ့သာ ညဘက်ကောင်းကင်မှာ မှိန်ဖျော့တဲ့ အပြာရောင်အစက်လေးတစ်ခုလို မြင်တွေ့နိုင်ပါတယ်။မျက်လုံးနဲ့ကြည့်ရင် မှိန်ဖျော့တဲ့ ကြယ်တစ်ပွင့်လိုသာ မြင်ရပြီး အရွယ်အစားကိုသေချာ ခွဲခြားဖို့တောင် အလွန်ခက်ခဲပါတယ်။
MASES ကပြုလုပ်တဲ့ ကလောကြယ်ကြည့်ပွဲတွေမှာတော့ ပြသဖူးပါတယ်။
Neptune ဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ အစွန်အဖျားအဝေးကွာဆုံး တစ်ဘက်မှာရှိတဲ့ စိတ်ဝင်စားစရာကောင်းပြီး လေ့လာချင်စရာကောင်းတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း ဂြိုဟ်တစ်လုံးအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။
