ဂျပန်ရေပိုင်နက်ထဲကို တရုတ်လေယာဉ်တင်သင်္ဘောအုပ်စု ပထမဆုံးအကြိမ် ဝင်ရောက်
တိုကျို၊ ဇွန်-၉-၂၀၂၅
ရတီ(VOM)
ဂျပန်အထူးစီးပွားရေးဇုန် ရေပြင်ထဲကို တိုက်လေယာဉ်တွေပါဝင်တဲ့ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ ယခုသီတင်းပတ်ကုန်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
တိုက်လေယာဉ်တွေပါဝင်တဲ့ အဲဒီလေယာဉ်တင်သင်္ဘောအုပ်စုဟာ စစ်ရေးလေ့ကျင့်ခန်းမတိုင်မီ ဝင်ရောက်ခုတ်မောင်းခဲ့တာဖြစ်ပြီး လေယာဉ်တင်သင်္ဘော လျောင်နင်း၊ ဖျက်သင်္ဘောနှစ်စင်းနဲ့ အမြန်တိုက်ခိုက်ရေး ရေယာဉ်တစင်းတို့ ပါဝင်ပါတယ်။
ဂျပန်အရှေ့ဖျားပိုင်း မီတာမီတိုရီကျွန်းရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာမှာ ဇွန် ၇ ရက်က ခုတ်မောင်းခဲ့တာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါဟာ ဂျပန်အထူးစီးပွားရေးဇုန် ရေပိုင်နက်အတွင်းသို့ တရုတ်လေယာဉ်တင်သင်္ဘောတစင်း ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းလည်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တရုတ်စစ်တပ်ဟာ ဒေသတွင်းစစ်ဆင်ရေးတွေမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ သူကပြောပါတယ်။
ရေပိုင်နက်အတွင်း သင်္ဘောဝင်ရောက်မှုနဲ့ပတ်သက်ပြီး ဂျပန်အစိုးရဟာ တရုတ်အစိုးရထံ သင့်တော်သော အကြောင်းကြား ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီမာဆာဟာယာရှီက သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်ရေးအုပ်စုဟာ ဂျပန်အထူးစီးပွားရေးဇုန် ရေပြင်မှ ထွက်ခွာပြီး နောက်တနေ့တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ် ဆင်းသက်၊ ပျံသန်းခြင်းအပါအဝင် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တရုတ်စစ်တပ်ဟာ တောင်တရုတ်ပင်လယ်မှာ နယ်မြေတောင်းဆိုမှုအပါအဝင် အင်ဒို-ပစိဖိတ်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ချဲ့ထွင်လာတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေက သတိထားတုံ့ပြန်နေကြပါတယ်။
Ref:CNA
Photo:AFP

image