#နိုင်ငံတကာသတင်း
◼ အမျိုးသားအစောင့်တပ်ချထားခြင်းမှာအာဏာရှင်လုပ်ရပ်ဖြစ်ကြောင်းကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးဝေဖန်
သမ္မတဒေါ်နယ်ထရန့်၏ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စည်းကြပ်မှုများကြောင့် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများကို ကူညီနှိမ်နင်းရန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမျိုးသား အစောင့်တပ်ဖွဲ့များကို လော့စ်အိန်ဂျလိစ်မြို့ လမ်းမများပေါ် စေလွှတ်ခဲ့ပြီးနောက် ယင်းသို့ ဖြန့်ကြက်ခြင်းမှာ ဥပဒေနှင့်ညီညွတ်မှု မရှိကြောင်း ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
သမ္မတ ထရန့် က ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေကြောင်း နှင့် ကယ်လီဖိုးနီးယားပြည်နယ်၏ အချုပ်အခြာကို ချိုးဖောက်နေကြောင်း ဒီမိုကရက် အုပ်ချုပ်ရေးမှူးနယူဆမ် က စွပ်စွဲပြောကြားပြီး “ ဒါဟာ အာဏာရှင်တစ်ဦးရဲ့ လုပ်ရပ်တွေဖြစ်ပြီး သမ္မတတစ်ဦးရဲ့ လုပ်ပုံကိုင်ပုံ မဟုတ်ပါဘူး။” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ်ကလူမှုမီဒီယာ X ပေါ်တွင်ရေးသားသည်။
လော့စ်အိန်ဂျလိစ်တွင် အမျိုးသားအစောင့်တပ်များ ချထားခြင်းမှာ ဥပဒေနှင့်မညီကြောင်း နှင့် ၎င်းတို့အား ပြန်လည်ရုပ်သိမ်းရန် ထရန့်အစိုးရထံ တောင်းဆိုထားကြောင်း ၎င်းက ပြောကြားသည်။
နယူဆမ် ၏ သတ်မှတ်ချက်အား အိမ်ဖြူတော်က ငြင်းဆိုခဲ့ပြီး ဝရုန်းသုန်းကားဖြစ်မှု ၊အကြမ်းဖက်မှု နှင့် ဥပဒေမဲ့အခြေအနေများကို လူတိုင်းမြင်တွေ့ခဲ့ကြကြောင်း ထုတ်ပြန်ပြောကြားသည်။
ဒေါ်နယ်ထရန့်က ဆန္ဒပြသူများအား အကြမ်းဖက်သော ပုန်ကန်ထကြွသော လူရမ်းကားများဟု လူမှုမီဒီယာပေါ်တွင် ပြောကြားပြီး အမေရိကန်နိုင်ငံနှင့် နိုင်ငံသားများ အပေါ် အန္တရာယ်ရှိလာခဲ့ပါက တည်ငြိမ် အေးချမ်းမှုအတွက် ခိုင်မာစွာ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထရန့် က ထိုသို့ပြောကြားသော်လည်း ပုန်ကန်ထကြွမှု နှိမ်နင်းရေးဥပဒေကိုမှု အသက်မသွင်းသေးပေ။
၁၈၀၇ ခုနှစ် က ပြဌာန်းခဲ့သော ဥပဒေအရ လူထုအုံကြွမှုကဲ့သို့ မငြိမ်သက်မှုများကို စစ်တပ်ဖြင့် နှိမ်နင်းရန် သမ္မတအား အာဏာအပ်နှင်းထားသည်။
ယင်းဥပဒေအား အသုံးချရန် စဉ်းစားနေပါသလားဟု သတင်းထောက်များက ယမန်နေ့က မေးမြန်းချိန်၌ ပုန်ကန်မှုဖြစ်ပေါ်နေသလားဆိုသည့်အပေါ် မူတည်ကြောင်း ထရန့်က တုံ့ပြန်ပြောကြားသည်။
လော့စ်အိန်ဂျလိစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးဌာန၏ စီးနင်းမှုများကြောင့် နေရာအများအပြားတွင် ဆန္ဒ ပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်နေစဉ် အမျိုးသားအစောင့်တပ်ဖွဲ့များအား ဖက်ဒရယ်အစိုးရ အဆောက်အဦးများ အနီးတစ်ဝိုက်တွင် ချထားကြောင်း သိရသည်။
ဆန္ဒပြပွဲအများအပြားမှာ တရားမဝင်လူစုလူဝေးမှုများ ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့က ပြောကြားပြီး ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့အား ကျောက်တုံးများ၊ ပုလင်းများ အပြင် အခြားအရာဝတ္ထုများနှင့် ပစ်ပေါက်ခဲ့ကြသည်ဟု စွပ်စွဲထားသည်။
ယမန်နေ့ ညနေပိုင်းတွင် Alphabet ကုမ္ပဏီပိုင် Waymo အလိုအလျောက်မောင်းယာဉ်များအား မီးရှို့ထားသည်ကို ရုပ်သံဖိုင်များတွင် မြင်တွေ့ရသည်။
ယင်းအတွက်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့ က ပြောကြားပြီး မြင်းစီးတပ်ဖွဲ့များကိုလည်း အသုံးပြုနေသည်။
ဆန္ဒပြသူများက ရဲတပ်ဖွဲ့အား အရာဝတ္ထုများဖြင့် ပစ်ပေါက်နေသည်ကို ရုပ်သံဖိုင်များတွင် တွေ့ရကာ လော့စ်အိန်ဂျလိစ်မြို့လယ်မှ အဓိကလမ်းမကြီး ဖြစ်သော ၁၀၁ အဝေးပြေးလမ်းမကြီးအား ပိတ်ဆိုခဲ့ကြသည်။
အခြားနေရာ အများအပြားတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီး လူဝင် မှုကြီးကြပ်ရေး အရာရှိများအား ရှုတ်ချပြောဆိုခဲ့ကြသည်။
ထိုအတောအတွင်းမှာပင် လော့စ်အိန်ဂျလိစ်မြို့မှ မငြိမ်မသက်မှုများ ဆက် လက်ဖြစ်ပေါ်နေပါက စစ်တပ်ကို လှုပ်ရှားခိုင်းရန် အမေရိကန်စစ်ဌာချုပ် ပင်တဂွန်က ပြင်ဆင်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် က သတိပေးပြောကြားထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
