အီရန်မြို့ကြီးတွေမှာ ခွေးနဲ့လမ်းလျှောက်သွားလာတာ ပိတ်ပင်
တီဟီရန်၊ ဇွန်-၉-၂၀၂၅
ရတီ(VOM)
အီရန်အာဏာပိုင်တွေဟာ အများပြည်သူ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင်း နိုင်ငံတဝန်းရှိ မြို့ကြီးတွေမှာ ခွေးတွေသွားလာတာကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။
မြို့တော် တီဟီရန်မှာ ခွေးတွေလမ်းလျှောက်သွားလာတာကို ၂၀၁၉ ခုနှစ်ကတည်းက တားမြစ်ပိတ်ပင်ခဲ့ပြီး လက်ရှိမှာတော့ မြို့ကြီး ၁၈ မြို့ထိ တိုးချဲ့သတ်မှတ်လိုက်ပြီး ယာဉ်တွေနဲ့ ခွေးတွေကို ခေါ်ဆောင်တာကိုလည်း တားမြစ်ထားပါတယ်။
ခွေးပိုင်ဆိုင်မှုဟာ မသန့်ရှင်းဘဲ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးတယ်ဆိုကာ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလကတည်းက အာဏာပိုင် မနှစ်သက်ခဲ့ကြပါတယ်။ ဒါပေမယ့် အထူးသဖြင့် လူငယ်တွေအကြားမှာ ခွေးပိုင်ဆိုင်မှု မြင့်တက်လာပြီး ဒါဟာ အီရန်အစိုးရကို ဆန့်ကျင်မှုအဖြစ်လည်း ရှုမြင်နေကြပါတယ်။
တားမြစ်ချက်အသစ်ကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး စည်းမျဉ်းသစ်ကို ချိုးဖောက်ရင် အရေးယူခံရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခွေးပိုင်းဆိုင်မှုကို ပြတ်ပြတ်သားသားတားမြစ်တဲ့ ဥပဒေမျိုးမရှိသေးပေမယ့် အာဏာပိုင်တွေဟာ မကြာခဏဆိုသလို ဒေသန္တရအမိန့်တွေ ထုတ်ပြန်လေ့ရှိပါတယ်။
ဒါပေမယ့်လည်း ပိုင်ရှင်အများအပြားဟာ သူတို့ရဲ့ခွေးတွေကို မြို့တော်တီဟီရန်နဲ့ အခြားနေရာတွေရဲ့ လမ်းတွေပေါ်မှာ ဆက်လက်ခေါ်ဆောင်နေတာတွေ ရှိနေတာကြောင့် ပြဌာန်းချက်တွေက သိသာထင်ရှားစွာ မထိရောက်ခဲ့ပါဘူး။
အီရန်မှာ အိမ်မွေးတိရိစာ္ဆန်ပိုင်ဆိုင်မှုကို အပျက်သဘောဆောင်တဲ့ လူမှုရေးပြဿနာအဖြစ် လွှတ်တော်အမတ် ၇၅ ယောက် ဝေဖန်ခဲ့ကြပြီး အစ္စလာမ့်ဘ၀နေထိုင်မှုပုံစံကို တဖြည်းဖြည်း ပြောင်းလဲသွားစေနိုင်တယ်လို့ ပြောပါတယ်။
Ref:BBC
