3 ပတ် - ဘာသာပြန်ပါ။

ရှမ်း/မြောက်မှာ ကွင်းလမ်းတွေ ဆိုးရွားစွာပျက်စီးနေလို့ ကုန်ကားအများစု မပြေးဆွဲနိုင်
ဇွန် ၉၊ ၂၀၂၅
Shy V (VOM)
ရှမ်း/မြောက်မှာ ကွင်းလမ်းတွေ ဆိုးဆိုးဝါးဝါး ပျက် နေလို့ လတ်တလော ကုန်ကား အများစု မပြေးဆွဲနိုင်ဘဲ ရပ်နားထားရကြောင်း ကုန်တင် ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။
"မန္တလေး - မြစ်ကြီးနားလမ်းက ပေကြီး ကွင်းလမ်းလည်း မိုးရွာထားတော့ ကုန်ကားတွေသွားလာလို့ မရသေးဘူး။ ဘယ်မှ သွားမရသေးလို့ ကားတွေ အကုန်ရပ်ထားတယ်။ တစ်စီးပဲ ကျင်စန်းကျော့ဘက် သွားနေတာ" လို့ ကုန်တင် ယာဉ် ပိုင်ရှင်တယောက်က ပြောပါတယ်။
လမ်းတွေလည်း ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပြီး ကားတွေ သောင်တင်နေတာတွေ ရှိသလို မိုးရွာရင် ကားတွေ ထွန်စက်တွေနဲ့ပါ ဆွဲရတာတွေ ရှိပြီး မိုးရွာရင် ကွင်းလမ်းက သွားဖို့ လုံးဝ အဆင်မပြေဘူးလို့ သူက ပြောပါတယ်။
မြောက်ပိုင်း လမ်းကလည်း နမ့်လန်လမ်းက ကုန်ကားတွေ ပြန်လာလို့ ရပြီလို့ ပြောတယ်။ အုမ္မသီး၊ အုမ္မခါး ကွင်းလမ်းကတော့ ဘာမှ မထိခိုက်သေးဘူးလို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
"ကားလမ်းတွေက မိုးရွာတော့ အဆင်မပြေလို့ နားထားရတယ်။ ဘယ်မှ သွားလို့ မရလို့လေ။ နမ့်လန်လမ်း ရော အုမ္မတီးဘက် ကွင်းလမ်းရော မိုးရွာရင် အဆင်မပြေဘူး" လို့ သူက ရှင်းပြပါတယ်။
မြောက်ပိုင်းလမ်းက လာတဲ့ ကားတွေကို လိုင်စင်မဲ့ ကားတွေ အပြင် ကုန်တွေပါ ဖမ်းဆီးနေတာကြောင့် တချို့ ကုန်တင် ကားသေးရော၊ ကားကြီးရော နားနေရတယ်လို့ ဆိုပါတယ်။
"လိုင်စင်မဲ့ ကားတွေက ဖမ်းတယ်။ ကားလိုင်စင် ရှိရက်လည်း ကုန်ပစ္စည်းတွေ ဖမ်းနေတာ။ တရုတ်ပစ္စည်းတွေကို ဖမ်းတာ။ ဒီလို မှောင်ခို များလာတာကလည်း အစိုးရက လိုင်စင် မချပေးလို့ပါ။ လိုင်စင်ရဖို့ကို အရမ်းခက်တော့ မှောင်ခိုတွေ များလာမှာပဲလေ။ ပစ္စည်းတွေက ပြည်သူ‌ေတွ မဖြစ်မနေ သုံးရတဲ့ ပစ္စည်တွေပဲလေ။ ကိုယ့်နိုင်ငံကမှ မထုတ်နိုင်တဲ့ ဥစ္စာ" လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။
တရုတ်ဘက်ခြမ်းကတော့ နယ်စပ်ဂိတ်တွေကနေ သူတို့ဘက်က ကုန်စည်တွေကို တရားဝင် ပေးထွက်နေတာ ဖြစ်ပြီး မြန်မာဘက်ခြမ်းက ကုန်ကားတချို့လည်း တရုတ်နယ်စပ်ဘက်အထိ ဝင်လို့ ရနေပြီလို့ ဆိုပါတယ်။
လိုက်စင်မဲ့ကားတွေနဲ့ ကုန်တွေ ဖမ်းဆီးတာထက် မှောင်ခိုကုန် မရှိဖို့ ဆိုရင် လိုင်စင်တွေကို ကောင်းကောင်း ချပေးသင့်တယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
Photo Crd# ဇင်သူ၊ ကျော်သီဟ
ပုံစာ- အုမ္မသီးကွင်းလမ်းနဲ႔ ပေကြီးကွင်းလမ်းတနေရာအား တွေ့ရစဉ်

image