#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်နှင့် ကျင်းပမည့် ကုန်သွယ်ရေးဆွေးနွေးပွဲ တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်း တက်ရောက်မည်
ဗြိတိန်နိုင်ငံ၌ကျင်းပမည့် ဒုတိယအကျော့တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲများ၌ တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်-အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲ တက်ရောက်ရေးအတွက် ဒုတိယဝန်ကြီးချုပ်ဟီလီဖန်းအနေဖြင့်ဇွန် ၈ ရက်မှ ဇွန် ၁၃ ရက်အထိဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်းသည် ယခုနှစ်မေလအတွင်းကျင်းပခဲ့သော တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ ပထမအကျော့တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
လန်ဒန်၌ကျင်းပမည့် ဒုတိယအကျော့ကုန်သွယ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နှင့် ကုန်သွယ်ရေးဝန်ကြီး ဟိုးဝပ်လပ်နစ်ခ်တို့က ဦးဆောင်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်တရုတ်သမ္မတ ရှီကျင်ပင်းတို့အကြား ဇွန် ၅ ရက်တွင် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ပြီးနောက် ဒုတိယအကျော့နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲများကိုကျင်းပရန် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုတို့က စီစဉ်ထားခြင်းဖြစ်သည်။
ရိုက်တာ

image