လူသားတွေ အာကာသထဲကို လွှတ်တင်ခဲ့ဖူးတဲ့ အရာဝတ္တုတွေထဲမှာ နိုင်ငံတကာအာကာသစခန်း - International Space Station (ISS) ဟာ အကြီးဆုံးအရွယ်အစားရှိပါတယ်။
ISS ကို ၁၉၉၈ ခုနစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီးတော့ ၂၀၁၁ ခုနစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ထူးခြားချက်တစ်ခုက ဒုံးပျံတွေ၊ ဂြိုလ်တုတွေ၊ အာကာသစက်ရုပ်တွေလို ကမ္ဘာမြေပေါ်မှာ တည်ဆောက်ပြီးမှ အာကာသထဲကို လွှတ်တင်တာမျိုး မဟုတ်ဘဲ၊ စတင်ဆောက်လုပ်ခဲ့ကတည်းကနေ ဆောက်လုပ်ပြီးစီးတဲ့အထိ အာကာသထဲမှာပဲ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ISS ကို တည်ဆောက်ဖို့အတွက် စိတ်ကူးအရင်ပျိုးခဲ့သူဟာ အမေရိကန်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ISS ဟာ နိုင်ငံ တစ်နိုင်ငံတည်းက ဦးဆောင်တည်ဆောက်တဲ့ တစ်ကိိုယ်တော် စီမံကိန်း မဟုတ်ဘဲ၊ ရုရှား၊ ဂျပန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံငယ်တွေရော အတူစုပေါင်းပြီး ပါဝင်ထားတဲ့ ပေါင်းဖွဲ့စီမံကိန်းတစ်မျိုး ဖြစ်ပါတယ်။
ISS ဟာ တည်ဆောက်ခဲ့ဖူးသမျှ ပစ္စည်းတွေထဲမှာလဲ ငွေကြေးကုန်ကျမှု အများဆုံးပါ။ ဒီစခန်းကြီးကို ဆောက်လုပ်ပြီးစီးဖို့အတွက် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံလောက် သုံးခဲ့ရပါတယ်။
ISS ဟာ ၂၀၁၁ ခုနစ်မှာမှ ဆောက်လုပ်ပြီးစီးခဲ့တယ်ဆိုပေမဲ့ ၂၀၀၀ ခုနစ်ကနေ စပြီး အာကာသယာဥ်မှူးတွေက စတင်တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ရုရှား အာကာသယာဥ်မှူးနှစ်ယောက်နဲ့ အမေရိကန် အာကာသယာဥ်မှူးတစ်ယောက် ပါဝင်တဲ့ Expedition One(Expedition 1) အဖွဲ့ဟာ ISS မှာ ပထမဆုံး အလုပ်လုပ်ခဲ့ကြတဲ့ အဖွဲ့ဖြစ်ပါတယ်။
ISS မှာ အလုပ်လုပ်ကြတဲ့ အာကာသပညာရှင်တွေ၊ စခန်းအတွင်းမှာ တပ်ဆင်ထားတဲ့ ပစ္စည်းကိရိယာတွေ၊ လမ်းညွှန်ချက်တွေ အများစုဟာ ရုရှားလို ဖြစ်နေတာကြောင့် အာကာသယာဥ်မှူးတွေဟာ ရုရှားဘာသာစကားကိုပါ လေ့လာရတယ် ဆိုတဲ့ စိတ်ဝင်စားစရာ အချက်လေးတွေလဲ ရှိပါတယ်။
ISS ဟာ တော်တော်လောက်ကို အရွယ်အစားကြီးပါတယ်။ တန်ပေါင်း ၄၀၀ လောက် အလေးချိန်ရှိပြီး အမေရိကန်ဘောလုံးကွင်းတစ်ကွင်းစာလောက် အရွယ်အစားရှိပါတယ်။ ဒီလို ကြီးမားလေးလံလွန်းတဲ့ အာကာသစခန်းကို အာကာသထဲမှာပဲ တည်ဆောက်နိုင်ခဲ့တယ်ဆိုတာ အံ့သြစရာပါ။
ISS ကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ အပိုင်းအစတွေကို ကမ္ဘာမြေနဲ့ အာကာသဆီ ခေါက်တုံ့ခေါက်ပြန် အသယ်အပို့ပြုခဲ့ကြတယ်ဆိုတဲ့ အချက်ကလဲ စိတ်ဝင်စားစရာဖြစ်ပါတယ်။
ISS ဟာ ကမ္ဘာ့မြေပြင်အထက် ၂၄၈ မိုင်ခန့်လောက်ကနေ ကမ္ဘာကို လှည့်ပတ်နေပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ နံဘေးက Solar Panel အပြားချပ်ကြီးတွေကြောင့် ကမ္ဘာမြေပေါ်ကနေ သာမန်မျက်စိနဲ့တောင်မှ တွေ့နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ ဖြတ်သန်းသွားမလဲ ဆိုတဲ့ အချက်အလက်တွေကို သိရုံနဲ့တင် ISS ကို ရှာလို့ရပါပြီ။
(MASES page မှာလည်း ISS ကြီးမြန်မာနိုင်ငံပေါ်က ဖြတ်သန်းသွားခဲ့တာကို Live ပြခဲ့ဖူးပါတယ်။)
ကျည်ဆန်တွေထက်တောင်မှ ပိုပြီး မြန်မြန်သွားနိုင်တဲ့ ISS ဟာ မိနစ်၉၀တိုင်း၊ မိနစ်၉၀တိုင်းမှာ ကမ္ဘာကို တစ်ပတ် လည်ပတ်နေပါတယ်။ စခန်းဟာ တစ်ရက်လုံးမှာ ကမ္ဘာကို ၁၆ကြိမ် လှည့်ပတ်ပါတယ်။ မှန်ပါတယ်။
ဒါကြောင့်မို့ အာကာသယာဥ်မှူးတွေက တစ်ရက်မှာ နေထွက်၊ နေဝင် ၁၆ကြိမ် မြင်ရမှာဖြစ်ပါတယ်။
လပေါ်မှာ လမ်းလျှောက်တာ (Moonwalk) ရှိသလို၊ အာကာသထဲမှာ လွှင့်မျောနေတာကိုတော့ 'Spacewalk' လို့ ခေါ်ပါတယ်။ ISS ဟာ Spacewalk လုပ်လို့ရတဲ့ နေရာတစ်ခု ဆိုရင်လဲ မမှားပါဘူး။
ISS မှာ လုပ်ခဲ့တဲ့ ပထမဆုံး Spacewalk ဟာ စခန်း စတင်တည်ဆောက်တဲ့ ၁၉၉၈ ခုနစ်မှာ ဖြစ်ပြီး ၇နာရီနဲ့ ၂၁မိနစ် ကြာမြင့်ခဲ့ပါတယ်။ နောက်ဆုံး လုပ်ခဲ့တဲ့ Spacewalk ဟာ ၂၀၂၅ ခုနစ်မေလ ထဲ မှာ ဖြစ်ပြီး ကြာချိန်ကတော့ ၅နာရီနဲ့ ၄၉မိနစ်ပါ။ ၂၀၀၁ ခုနစ်မှာ လျှောက်ခဲ့တဲ့ Spacewalk ဟာ ကမ္ဘာ့အကြာမြင့်ဆုံးပါ။ အာကာသထဲ ၈နာရီနဲ့ ၅၆မိနစ် ကြာမြင့်ခဲ့ပြီး ISS ကပဲ စံချိန်ချိုးနိုင်ခဲ့ပါတယ်။
ယခုလက်ရှိအချိန်အထိ ISS မှာ တာဝန်ထမ်းဆောင်ပြီးခဲ့သူဟာ အယောက် ၂၅၀ ကျော် ရှိခဲ့ပါပြီ။ အာကာသယာဥ်မှူးတွေဟာ ခြောက်လတစ်ကြိမ် အလှည့်ကျ သုတေသနပြုဖို့ သွားကြတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနစ်မှာ ရပ်နားလောက်မယ်လို့ သတင်းထွက်ခဲ့တဲ့ ISS ဟာ ယခု ၂၀၂၅ ခုနစ်အထိ ဆက်လက် အလုပ်,လုပ်နေဆဲဖြစ်ပါတယ်။
နောင်လာမဲ့ အချိန်တွေမှာရော ဘယ်လို သုတေသနမျိုးတွေလုပ်မယ်၊ စခန်းကို ဘယ်လိုပုံစံ ပြောင်းလဲပြင်ဆင်မယ်၊ စခန်းကို ဘယ်အချိန် ရုတ်သိမ်းမယ်၊ ပြန်လည် တည်ဆောက်မယ်၊ စတဲ့ စိတ်ဝင်စားစရာ အချက်တွေကို စောင့်ကြည့်ရမှာပါ။
အကိုး :
